နိုင်ငံရေးအရ အားပြိုင်မှုများ ၊ ‌သွေးထိုးလှုံ့ဆော်မှုများကြောင့်နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းများကို ကန့်ကွက်နေမှုအား စဉ်းစားကြစေလို

0
106

နိုင်ငံရေးအရ အားပြိုင်မှုများနှင့် သွေးထိုးမှုများကြောင့် နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းများ လုပ်ဆောင်နေမှုကို ကန့်ကွက်နေမှုများအား စဉ်းစားပြီးလုပ်ဆောင်ကြစေလိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၂၁) ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိ မြန်မာ့မီး ရထားစက်ခေါင်းစက်ရုံ(အင်းစိန်) သို့ သွားရောက်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ အားပြိုင်မှုများ ၊ ‌သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံအတွက် အကျိုးရှိမည့် စီမံကိန်းများ ဆောင်ရွက်နေမှုများကို ကန့်ကွက်နေမှုများအား စဉ်းစား ဆောင်ရွက်စေလိုပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထား ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများစွာ ရှိထားပြီးဖြစ်သော်လည်း နိုင်ငံတွင်းရှိ သယံဇာတရင်းမြစ်များမှ လျှပ်စစ်ထုတ်ယူနိုင်ရေးမှာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိသေးကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လျှပ်စစ် ဓာတ်အားသုံး ရထားစက်ခေါင်းများ အသုံးပြုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားကြရန်လည်း မှာကြားခဲ့သည်။

ထို့အပြင် နိုင်ငံအတွင်း၌ပင် လျှပ်စစ်ဓာတ်အားသုံး မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်ရေးအတွက် မိမိတို့တွင် ရှိပြီးသား အစွမ်းအစများကို အသုံးပြု၍ ကြိုးစားကြရန်လည်း ထည့်သွင်း ပြောကြားသွားသည်။

အင်းစိန် မီးရထားစက်ခေါင်း စက်ရုံသည် လွန်ခဲ့သည့် နှစ်ပေါင်း (၁၀၀) ကျော်ကတည်းက တည်ဆောက်ခဲ့သည့် စက်ရုံတစ်ခုဖြစ်ပြီး မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစွမ်းအစများကို အသုံးချကာ မီးရထား စက်ခေါင်း နည်းပညာများ ယခုထက် တိုးတက်လာစေရန် ကြိုးပမ်းကြစေလိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here