ဆွေးနွေးရေးအတွက် မြောက်ကိုရီးယားအားကူပြောပေးရန် တရုတ်ကိုအမေရိကတောင်းဆိုမည်

0
125

ဝါရှင်တန်၊ဒီဇင်ဘာ ၂၃

တင်းမာမှုများမြင့်တက်စေခဲ့သည့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများအပြီးတွင် မြောက်ကိုရီးယားအား ဆွေးနွေးရေးစကားဝိုင်းသို့ ခေါ်ဆောင်လာပေးရန် တရုတ်ကိုအကူအညီတောင်းမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဘလင်ကန်ကပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အစောပိုင်း၌ ပေကျင်းသို့ခရီးထွက်ရန်စီစဉ်ထားသော မစ္စတာဘလင်ကန်သည် အဆိုပါခရီးစဉ်၌ မြောက်ကိုရီးယားအား မည်သို့စည်းရုံးသိမ်းသွင်းနိုင်မည်ကို တရုတ်နှင့်ဆွေးနွေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ သံတမန်အခင်းအကျင်းမှာ ကြိုတင် စည်းကမ်းသတ်မှတ်ချက်တွေမရှိပဲ အမြဲတံခါးဖွင့်ထားခဲ့ပါတယ်၊ကိုရီးယားကျွန်းဆွယ်မှာ နျူကင်းစင်ဖို့လည်း ကျွန်တော်တို့ကတိပြုထားဆဲပါပဲ” ဟု ၎င်းကဆိုသည်။

“အခုကိစ္စမှာ တရုတ်ဟာ မြောက်ကိုရီးယားကို စည်းရုံးနိုင်မယ့် တစ်ခုတည်းသောနိုင်ငံဖြစ်ပြီး အဓိကအခန်းကဏ္ဍကနေ ပါဝင်နေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခဲ့သော်လည်း မစ္စတာဘလင်ကန်သည် မြောက်ကိုရီးယားအပေါ်  ပိုမိုတင်းကျပ်သော ပိတ်ဆို့ဒဏ်ခတ်မှုများချမှတ်ကာ မဟာမိတ် ဂျပန်၊တောင်ကိုရီးယားတို့နှင့် ပိုမိုနီးကပ်စွာလက်တွဲဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့်လည်း သမ္မတဂျိုးဘိုင်ဒင်အစိုးရက ကမ်းလှမ်းထားသော အောက်ခြေအဆင့် ဆွေးနွေးပွဲများအား စိတ်ဝင်စားမှုမပြဘဲ အမေရိကန်ပြည်မကြီးကို ထိမှန်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကိုပါ မကြာသေးမီက ထပ်မံစမ်းသပ်ခဲ့သေးသည်။

Source :AFP


LEAVE A REPLY

Please enter your comment!
Please enter your name here