ဂျပန်တွင် ဆီးနှင်းများ ထူထပ်စွာ ကျ၊ လူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့

0
211

ဂျပန်နိုင်ငံတွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်း‌နေသောကြောင့် အနည်းဆုံး လူ ရှစ်ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံလိုင်း NHK က ဂျပန် မီးသတ်နှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဌာနကို ကိုးကား၍ ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့တွင် ဖော်ပြခဲ့သည်။

ဟိုကိုင်းဒို၊ အာကီတ၊ ယာမာဂါတ၊ နီးဂါတနှင့် အီရှီကာဝါ စီရင်စုငါးခုအတွင်း လူရှစ်ဦး အသီးသီး သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ကြောင်း NHKမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နီးဂါတ စီရင်စုတွင် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးအား နှင်းများ ဖုံးလွှမ်းနေသည့် ကားထဲတွင် သေဆုံးလျက်ရှိနေသည်ကို အင်္ဂါနေ့က တွေ့ရှိခဲ့သည်။ တာဝန်ရှိသူများက ထိုအမျိုးသမီးမှာ ကား၏အိတ်ဇောပိုက်ကို ဆီးနှင်းများ ပိတ်ဆို့ခဲ့ပြီးနောက် ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်ကာ သေဆုံးခဲ့ကြောင်း ယူဆထားသည်။

နီးဂါတ စီရင်စုတွင် အသက် ၈၀ ကျော်အရွယ် လူသုံးဦးသည် သူတို့၏ အိမ်ပတ်ဝန်းကျင်ရှိ နှင်းများအား ရှင်းလင်းရန် ကြိုးစားစဉ် မတော်မဆမှု ဖြစ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံမြောက်ပိုင်း အာကီတ စီရင်စုတွင်လည်း ဗုဒ္ဓဟူးနေ့က အသက် ၈၀ အရွယ် အမျိုးသားတစ်ဦးအား နှင်းများ ဖုံးဖိ၍ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

အဆိုပါစီရင်စုအတွင်းရှိ အသက် ၇၀ အရွယ် အခြားအမျိုးသားတစ်ဦးသည်လည်း တနင်္လာနေ့တွင် သူ၏ အိမ်ခေါင်မိုးမှ ဆီးနှင်းများကို ရှင်းလင်းရန် ကြိုးစားစဉ် သေဆုံးသွားခဲ့သည်။

ထို့ပြင် စီရင်စုခြောက်ခုတွင် နှင်းနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် လူ ၁၉ ဦး ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကာ ၂၆ ဦး ဒဏ်ရာ အသေးစားရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here