ဖိလစ်ပိုင်ရေကြီးမှုကြောင့် လူသောင်းချီနေအိမ်စွန့်ခွာတိမ်းရှောင်နေရ

0
120

မနီလာ၊ဒီဇင်ဘာ ၂၆

ဖိလစ်ပိုင်တွင် ခရစ္စမတ်နေ့ရေကြီးမှုကြောင့် လူပေါင်း ၄၆,၀၀၀ နီးပါးအား ၎င်းတို့၏နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အရပ်ဘက်ကာကွယ်ရေးအရာရှိများက တနင်္လာနေ့တွင်ပြောကြားခဲ့သည်။

မင်ဒါနာအို၏တောင်ပိုင်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနှစ်ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေသည်ဟုလည်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

“အချို့ဒေသတွေမှာရေက ရင်စို့လောက်အထိကိုရောက်နေတာပါ” ဟု ကယ်ဆယ်ရေးလုပ်ငန်းများအား လိုက်ပါဆောင်ရွက်နေသူများကပြောကြားခဲ့သည်။အိုဇာမစ်ဇ်မြို့နှင့် ကလာရင်မြို့တို့ရှိမိသားစုနှစ်ဒါဇင်ကျော်အား ရေကြီးရေလျှံမှုမှ ကယ်ဆယ်ရေးအဖွဲ့များက ကယ်ပေးခဲ့ကြောင်းလည်းပြောကြားခဲ့သည်။

ဟီမန်းနန့်ဇ်မြို့မှ လူနှစ်ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းများအရသိရပြီး ယခုကာလသည် အားလပ်ရက်ကာလဖြစ်သဖြင့် မိသားစုများပြန်တွေ့ရန် သက်ဆိုင်ရာနေရပ်များသို့ ပြန်ကြသောကာလလည်းဖြစ်သည်ဟုဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့ ၏ပြောကြားချက်အရ လှိုင်းကြီးလေထန်မှုကြောင့် ငါးဖမ်းလှေတစ်စင်းလည်းနစ်မြုပ်ခဲ့ပြီး နှစ်ဦးသေဆုံးကာ ခြောက်ဦးအားပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။

ဖိလစ်ပိုင်သည် ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကိုခံစားရသော နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပြီး သိပ္ပံပညာရှင်များကလည်း ကမ္ဘာကြီးပူနွေးလာမှုကြောင့် မုန်တိုင်းများပိုမိုအားကောင်းလာနိုင်သည်ဟု သတိပေးထားသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here