မြန်မာ့လက်ရွေးစင် အမျိုးသမီး‌ဘောလုံးအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းကို ၂ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

0
217

၂၀၂၃ ခုနှစ်အတွင်း အိုလံပစ်ခြေစစ်ပွဲ၊ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်နှင့် ဆီးဂိမ်းစ်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းကို ၂နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အမျိုးသမီးလက်ရွေးစင်အသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ပြည်တွင်းအမျိုးသမီးလိဂ်များအပြီး နိုဝင်ဘာလမှ စတင်ကာ စုစည်းလေ့ကျင့်လျက်ရှိပြီး လက်ရှိအချိန်တွင် အသင်းအား ပဏာမ ကစားသမား (၃၅)ဦးဖြင့် လေ့ကျင့်လျက်ရှိသည်ဟု သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပဲရစ်မြို့တွင်ကျင်းပမည့် ပြင်သစ်အိုလံပစ် ခြေစစ်ပွဲစဉ်များ၊ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲနှင့် က‌မ္ဘောဒီးယားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) တို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“ဒီနှစ်ထဲမှာ အမျိုးသမီးလက်ရွေးစင်အသင်းအနေနဲ့ ပြိုင်ပွဲတွေအများကြီးရှိပါတယ်။ လက်ရှိအခြေအနေမှာရှိနေတဲ့ လူအင်အား၊ ထောက်ပံ့မှုတွေနဲ့ အကောင်းဆုံးရလဒ်ရအောင်ကြိုးစားသွားပါမယ်။ ယုံကြည်ပြီး တာဝန်ပေးတဲ့အတွက် ကိုယ့်ဘက်ကအကောင်းဆုံးကြိုးစားသွားမှာပါ” ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းကပြောသည်။

ဒေါ်သက်သက်ဝင်းသည် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပခဲ့သည့် ၂၀၂၂ခုနှစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်တွင် ဗီယက်နမ်အသင်းကို အနိုင်ရရှိပြီး တတိယဆုရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သလို နည်းပြအတွေ့အကြုံများအဖြစ် ၂၀၁၆ ခုနှစ် အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ယာယီနည်းပြချုပ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် အသက် ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကိုင်တွယ်ခဲ့ပြီး ခြေစစ်ပွဲ ပထမအဆင့်၊ဒုတိယအဆင့်များကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ကာ ၂၀၁၉ အသက် ၁၉ နှစ်အောက် အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

ဒေါ်သက်သက်ဝင်းသည် ဂျပန်နည်းပြ ကုမာဒါ၊ နယ်သာလန် နည်းပြ ရော်ဂျာ်တို့ လက်ထက်တွင်လည်း လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here