တစ်လလျင် ဂျပန် ယန်းငွေ ၁ သိန်းအထိရရှိမည့် Kubota Fund ပညာသင်ဆုလျှောက်ထားနိုင်

0
408

ဖွံဖြိုးဆဲနိုင်ငံများမှ ဂျပန်နိုင်ငံတွင်လာရောက်အလုပ်လုပ်ကိုင်နေကြသူများအနေဖြင့် ၂၀၂၃- ၂၀၂၄ ခုနှစ်အတွက် The Kubota Fund မှ တစ်လလျင် ဂျပန် ယန်းငွေ ၁ သိန်းအထိပေးအပ်မည့် ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့မှ သိရသည်။

အဆိုပါ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအား Managing Committee of the Kubota Fund က မြန်မာသံရုံးသို့ အသိပေး အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊သုတေသနလုပ်ငန်းများနှင့်တက္ကသိုလ်များတွင် အလုပ်လုပ်ကိုင်/ပညာသင်ကြားနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီများ၊အလုပ်သင် သင်တန်းသားများနှင့်ကျောင်းသားများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထားရာ၌ ဖွံ့ဖြိုးဆဲနိုင်ငံမှ နိုင်ငံသား(သို့)ဖွံ့ဖြိုးဆဲနိုင်ငံတွင် မွေးဖွားကြီးပြင်းသူဖြစ်ရမည်ဖြစ်ကာ ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုမှ ငှားရမ်းထားသူ(သို့)သုတေသန/ ပညာရေး/သင်တန်းနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုခုတွင် တရားဝင် စာရင်းသွင်းထားသူဖြစ်ရမည်ဖြစ်သည်။

အင်ဂျင်နီယာပိုင်းဆိုင်ရာ(အထူးသဖြင့် မြို့ပြအင်ဂျင်နီယာ၊လျှပ်စစ်အင်ဂျင်နီယာ၊စက်မှုအင်ဂျင်နီယာ၊လယ်ယာစိုက်ပျိုးရေး၊ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ၊ စွမ်းအင်ဆိုင်ရာအင်ဂျင်နီယာ၊ဗိသုကာပညာ၊ဖွံ့ဖြိုးတိုးတက်မှုစီးပွားရေး)နှင့်ပတ်သက်၍ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နေသူ/သုတေသနလုပ်ငန်း လုပ်ကိုင်နေသူ(သို့)သုတေသနလုပ်ငန်း လုပ်ကိုင်မည့်သူဖြစ်ရမည်ဖြစ်သည်။

ထို့ပြင် ထောက်ပံ့ကြေးလက်ခံနေစဉ်အတွင်း ပြည်ပနိုင်ငံသို့သွားရောက်၍ သုတေသနပြုလုပ်ရန်၊အပြည်ပြည်ဆိုင်ရာညီလာခံတက်ရောက်ရန်နှင့်မိခင်နိုင်ငံသို့ ခေတ္တသွားရောက်ရန်တို့မှအပ ဂျပန်နိုင်ငံတွင် နေထိုင်ရမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားရာ၌ အလုပ်လုပ်ကိုင်နေသည့်အဖွဲ့အစည်း(သို့)သက်ဆိုင်ရာကျောင်းမှ ကြီးကြပ်သူ၏ ထောက်ခံစာတင်ပြရမည်ဖြစ် သည်။

The Kubota Fund ပညာသင်ဆုအား ၁၂ ဦး ရွေး ချယ်ပေးအပ်သွားမည်ဖြစ်ပြီး ထောက်ပံ့ကြေးအား ၂၀၂၃ ခုနှစ်၊ဧပြီလမှ ၂၀၂၄ ခုနှစ်၊မတ်လအထိတစ်လ ယန်း ၈၀၀၀၀ မှ ယန်း ၁၀၀၀၀၀ အထိပေးအပ်သွားမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်ထားမှုအား ဇန်နဝါရီ ၁၆ ရက်နောက်ဆုံးထား၍ https://mypage.3050.i-webs.jp/kbt2023/ သို့ ဝင်ရောက်လျှောက်ထားနိုင်ကာ အသေးစိတ်အချက်အလက်များသိရှိလိုပါက http://www.kubota-fund.org/ သို့ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး တိုကျိုမြို့က အသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here