ရထားတစ်စင်းထပ်မံ မိုင်းဆွဲခံရသဖြင့် ရန်ကုန် – မော်လမြိုင် မီးရထားခရီးစဉ်များ ယာယီ ရပ်နား

0
323

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ရထားတစ်စင်းထပ်မံ မိုင်းဆွဲခံရသဖြင့် ရန်ကုန် – မော်လမြိုင် မီးရထားခရီးစဉ်များ ယာယီ ရပ်နားခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်ကပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာမှ ကျောက်များတင်ဆောင်လာသည့် ပေါင်-ပဲခူးမြို့ဟောင်း ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် ကုန်ရထားတွဲဆိုင်းသည် သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ကွင်းကူးတိုးဂိတ်အနီး မီးရထားလမ်း မိုင်တိုင်(၁၄၁)အနီးတွင် အဝေးထိန်းခလုတ်ဖြင့် ရီမုမိုင်း ၁ လုံး ဖောက်ခွဲခံခဲ့ရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ကုန်ရထားတွဲ(၃)တွဲ လမ်းချော်ခဲ့ပြီး ကုန်ရထားတွဲ၊ လူနှင့် ပစ္စည်းတို့ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ရထားသံလမ်း ၂ ချောင်း ၆ ပေခန့်နှင့် ကွန်ကရစ်ဇလီဖားတုံး ၂ တုံးတို့ ပျက်စီး ဆုံးရှုံးခဲ့သည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ရန်ကုန်နှင့် မော်လမြိုင်တို့မှ ထွက်ခွာမည့် မီးရထားခရီးစဉ်များအား ယာယီ ရပ်နားခဲ့ရသည်။

မိုင်းထောင်ဖောက်ခွဲမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးခဲ့ရသည့်အတွက် မီးရထားလမ်းပိုင်းအား အမြန်ဆုံးဖွင့်လှစ် ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့်အတူ ပြန်လည်ပြုပြင်မှုများကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မော်လမြိုင်-ရန်ကုန်မီးရထားလမ်းပိုင်း၌ ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here