KNLA တပ်မဟာ(၆)နှင့် PDF အဖွဲ့တို့ပူးပေါင်း၍ ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံတပ်ဌာနချုပ်များနှင့်ဖာပွန်မြို့နယ်ရှိ လုံခြုံရေးစခန်းတို့သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ဟု နစက ထုတ်ပြန်

0
204

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့ရှိ နယ်မြေခံ အခြေချစစ်ဗျူဟာနှင့်တပ်ရင်းဌာနချုပ်များအား ဇန်နဝါရီ ၄ ရက်နံနက်ပိုင်းက KNLA တပ်မဟာ (၆)နှင့် PDF အဖွဲ့တို့ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၆ နာရီ ၁၀ မိနစ်မှ ၈ နာရီ ၅၀ မိနစ်အထိ ၁ ကြိမ်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်မှ ၁၁ နာရီ ၁၀ မိနစ်အထိ ၁ ကြိမ်(စုစုပေါင်း ၂ ကြိမ်)ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး နံနက် ၁၁ နာရီ ၁၅ မိနစ် နောက်ပိုင်းတွင် သေဆုံးမှုများစွာဖြင့် အရှေ့ တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြသည်။

KNLA တပ်မဟာ(၆)နှင့် PDF အဖွဲ့တို့ထွက်ပြေးစဥ် တပ်ခြံစည်းရိုးကပ်လျက်တွင် လူနေထိုင်ခြင်းမရှိသည့် စွန့်လွှတ်အဆောက်အဦးအချို့အား မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်စဥ် တပ်နယ်အတွင်းရှိ အရာရှိ၊စစ်သည်၊ရဲမေ၊မှီခိုသူများက လုံခြုံရေးအတွက် အသင့်စုဖွဲ့၍ ပြန်လည်တိုက်ခိုက်ခဲ့ကြသဖြင့် လက်နက်ကိုင်အဖွဲ့ဝင်များ၏ ရုပ်အလောင်းအချို့နှင့်လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကရင်ပြည်နယ်၊ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့်နယ်မြေစိုးမိုးရေးဆောင်ရွက်နေသည့် မဲဝိုင်တပ်မတော်ရှေ့တန်းလုံခြုံရေးစခန်းကိုလည်း နံနက် ၅ နာရီခွဲခန့်တွင် လက်နက်ကိုင်အဖွဲ့ဝင်များက လက်နက်ကြီး၊သေနတ်များဖြင့် တိုက်ခိုက်ခဲ့ကြသဖြင့် လုံခြုံရေးအဖွဲ့ဝင်များနှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ နံနက် ၇ နာရီ ၅ မိနစ်ခန့်တွင် ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

ဖြစ်စဉ်၌ လုံခြုံရေးအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကိုင်အဖွဲ့ဝင်များထံမှ လက်နက်/ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here