မြဝတီ – မဲဆောက် ချစ်ကြည်ရေး တံတားအမှတ် (၁) ပြန် ဖွင့်ရန်ပြင်ဆင်နေသော်လည်း တံတားဖွင့်မည့်ရက်ကို နှစ်ဖက်အစိုးရမှ တရားဝင်သတင်းမထုတ်ပြန်သေး

0
436

မြဝတီနယ်စပ်က ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) ကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီ (၅) ရက် နံနက်ပိုင်းက စတင်းပြီး ချစ်ကြည်ရေးတံတား အမှတ်(၁) ကို မြန်မာဖက်အခြမ်းတွင် သန့်ရှင်းရေးနှင့် ရုံးလုပ်ငန်းများနေရာချထားရေးအတွက်  ပြင်ဆင်နေခြင်းဖြစ်ကြောင်း မြဝတီမြို့ခံများထံမှ သိရသည်။

” ပြင်ဆင်မှုတွေတော့ လုပ်နေပါပြီ။ ဒီရက်ထဲတော့ ပြန်ဖွင့်လိမ့်မယ် ထင်တယ်။ အစက ကြားတာ (၁) ရက်နေ့ ဖွင့်မယ်လို့ ကြားတာ။ မနေ့က မေးကြည့်တာတော့ (၇) ရက်နေ့ ပြန်ဖွင့်မယ်လို့ ပြောကြတာပဲ။ မနက်ဖြန်ပေါ့။ တကယ်ဟုတ်မဟုတ်ကတော့ စောင့်ကြည့် ရဦးမှာ” ဟု အဆိုပါ မြဝတီမြို့ခံက ပေါ်ပြူလာနယူး(စ်) သို့ ပြော သည်။

အဆိုပါ ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ် (၁) သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကပင် ကိုဗစ်(၁၉) ထိန်းချုပ်ကာကွယ်ရေးအတွက် ပိတ်ထားခဲ့ခြင်း ဖြစ်ပြီး တံတားပိတ်ထားသည့် သက်တမ်းမှာ (၂) နှစ်ကျော် ကြာမြင့်ပြီဖြစ်သည်။

အဆိုပါ တံတားပြန်လည် ဖွင့်လှစ်ရန်အတွက် ထိုင်းနိုင်ငံဖက်အခြမ်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းကတည်းက ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် မဲဆောက်ဖက်အခြမ်း၌ တံတားအား ဖွင့်ထားပြီဖြစ်သည်။

ယင်းသို့ တံတားကို ပြန်ဖွင့်ထားသော်လည်း ဖြတ်သန်းသွားလာရန် ခွင့်ပြုထားခြင်း မရှိသေးကြောင်းလည်း မဲဆောက်ရောက် မြန်မာအသိုင်းအဝိုင်းထံက စုံစမ်းသိရသည်။

” ဒီဖက်အခြမ်းမှာက ဖွင့်ထားတာကြာပြီပေါ့နော်။ ပြီးခဲ့တဲ့ လတည်းကပါ။ အတားအဆီးချထားတာတွေ မရှိတော့ဘူး။ ဒါပေမဲ့ ပေးတော့ မဖြတ်သေးဘူးပေါ့” ဟု ဆိုသည်။

ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) သည် နှစ်နိုင်ငံဆက်သွယ်ရေးလမ်းကြောင်းတွင် အဓိကကျသည့် နယ်စပ်ဖြတ်ကျော် တံတားဖြစ်ပြီး တံတားပြန်လည်ဖွင့်လှစ်ပါက တစ်ရက်အတွင်း ဖြတ်သန်းသွားလာနိုင်သည့် နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်ဖက်သို့ သွားရောက်နိုင်မည်ဖြစ်သည်။

” ယာယီကတ်နဲ့ ဖြတ်လို့ ရမှာပေါ့။ မနက်သွား ညနေပြန်ပေါ့။ အကုန်လုံးအဆင်ပြေသွားမှာပေါ့ ။ ကုန်စည်စီးဆင်းမှုလည်း အရင်လို ပြန်ပြီး ကောင်းလာနိုင်တာပေါ့။ ကုန်သည်တွေအတွက် အခွင့်အလမ်းကောင်းလာနိုင်တယ်​” ဟု ထိုင်း – မြန်မာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါ ထိုင်း – မြန်မာချစ်ကြည်ရေးတံတားအမှတ် (၁) ပြန်လည် ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ နှစ်နိုင်အစိုးရက ပြင်ဆင်မှုများ ပြုလုပ်နေသော်လည်း မည်သည့်ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ကို တရားဝင်သတင်း ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။


LEAVE A REPLY

Please enter your comment!
Please enter your name here