၁ ရက်ကြာပျောက်ဆုံးနေသည့် အဌားကားဖြင့်ပစ္စည်းလိုက်ပို့သူအား သေဆုံးလျက်ပြန်လည်တွေ့ရှိ

0
444

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကိုကျော်ဝင်းထွန်း(၃၄)နှစ်သည် ဇန်နဝါရီ ၄ ရက်ညပိုင်းက ပျောက်ဆုံးသွားခဲ့ပြီးနောက် တွံတေးမြို့နယ်ရှိ ကားလမ်းဘေး၌ ဇန်နဝါရီ ၅ ရက်ညပိုင်းတွင် သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ကိုကျော်ဝင်းထွန်းသည် အဌားကားဖြင့်ပစ္စည်းလိုက်ပို့ခြင်းအား လုပ်ကိုင်နေသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး အခင်းဖြစ်ပွားသည့်ညက ရွှေပေါက္ကံသို့ ပစ္စည်းသွားယူပြီးနောက် ည ၁၀ နာရီခန့်အထိ ပြန်ရောက်လာခြင်းမရှိ၍ ဖုန်းဆက်ရာတွင်လည်း စက်ပိတ်ထားသည်ဟု သိရသည်။

“အဲဒီနေ့ည ၁၀ နာရီလောက်အထိ အိမ်ပြန်မရောက်လာလို့ ဖုန်းဆက်တော့လည်း စက်ပိတ်ထားတယ်လို့သိရတယ် ည ၈ နာရီလောက် ကိုကျော်ဝင်းထွန်း ရွှေပေါက္ကံမှာရှိနေတုန်းကတော့ ဖုန်းဆက်လို့ရသေးတယ်လို့သိထားတယ်”ဟု ကိုကျော်ဝင်းထွန်း၏ ရုပ်အလောင်းအားသယ်ယူပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

ထိုသို့ ပျောက်ဆုံးသွားခဲ့သဖြင့် လိုက်လံရှာဖွေမှုများပြုလုပ်ခဲ့ရာမှ ဇန်နဝါရီ ၅ ရက်ည ၉ နာရီခန့်တွင် တွံတေးမြို့နယ်၊မမျိုးစုကျေးရွာနှင့်ကင်းကျေးရွာသွားလမ်းမဘေး၌ သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရပြီး ၎င်းမောင်းနှင်သည့် အဌားကားကိုလည်း ပြန်လည်တွေ့ရှိခဲ့ရသည်ဟု သိရသည်။

“တစ်ကိုယ်လုံးနီးပါးပေါ့ လက်တွေခြေထောက်တွေ မျက်နှာနဲ့ပါးစပ်ကိုလည်း ပုဆိုးနဲ့တုပ်ပြီးချည်ထားတဲ့အနေအထားနဲ့သေဆုံးနေတာကိုတွေ့ရတယ် ပြင်ပဒဏ်ရာတော့မတွေ့ဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ကိုကျော်ဝင်းထွန်း၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းမှလှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here