ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦး သေဆုံးသွားသော်လည်း မွန်မြတ်သည့်အလှူဒါနအဖြစ် လူ ၁၃ဦးအတွက် ကိုယ်အင်္ဂါများလှူဒါန်းပေးခဲ့

0
253

ထိုင်းနိုင်ငံ၊ရတ်ချဘူရီခရိုင်တွင် ယာဥ်မတော်တဆမှုကြောင့် သေဆုံးသွားသည့် မြန်မာနိုင်ငံသား ကိုသန့်ဇင်ထွန်း(၂၉)နှစ်မှ ၎င်း၏ကိုယ်အင်္ဂါများအား လူ ၁၃ ဦးအတွက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကိုသန့်ဇင်ထွန်းသည် ဇန်နဝါရီ ၃ ရက်က ဆိုင်ကယ်စီးနင်းလာစဥ် ပစ်ကပ်ကားတစ်စီး၏ဝင်တိုက်ခြင်းခံရပြီးနောက် ထိခိုက်ဒဏ်ရာများရရှိကာ သတိလစ်မေ့မြောနေ၍ ပါထော့ဆေးရုံမှတဆင့် ရတ်ချဘူရီခရိုင်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူခဲ့ရသည်။

ရတ်ချဘူရီခရိုင်ဆေးရုံ၌ ဆေးကုသမှုခံယူခဲ့သော်လည်း သတိပြန်လည်ရရှိလာခြင်းမရှိ၍ ဦးနှောက်အား ဓာတ်မှန်ရိုက်ခြင်း၊လည်ပင်းရိုးစစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရှိခဲ့ရသည်။

ထို့နောက် ခရိုင်ဆေးရုံဆရာဝန်အဖွဲ့မှ ကိုသန့်ဇင်ထွန်း၏ မိသားစုထံဆက်သွယ်၍ ကိုယ်အင်္ဂါအလှူခံရန်ဆက်သွယ်ခဲ့ခြင်း၊ကိုသန့်ဇင်ထွန်း၏ အသက်ရှိစဥ် ကိုယ်အင်္ဂါလှူဒါန်းရန် စိတ်ဆန္ဒရှိခဲ့ခြင်းတို့ကြောင့် မျက်လုံးတစ်စုံ၊အရိုးနှင့်တစ်ရှုး ၁၁ ခုတို့အား လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်ဆေးရုံဆရာဝန်အဖွဲ့မှ ကိုသန့်ဇင်ထွန်း၏ လှူဒါန်းသည့်မျက်လုံးတစ်စုံအား ထိုင်းကြက်ခြေနီအဖွဲ့ချုပ်၊အရိုးနှင့်တစ်ရှူးများအား ဗန်ကောက်မြို့ရှိ တော်ဝင်ဇီဝတစ်ရှူးဌာနတို့ထံ ဆက်လက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ခရိုင်ဆေးရုံမှ ကိုသန့်ဇင်ထွန်း၏ ကိုယ်ခန္ဓာလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ကျန်ရစ်သူမိသားစုထံ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here