အိမ်ထောင်ရေးပြဿနာကြောင့် သားအမိနှစ်ဦး ကြိုးဆွဲချသေဆုံးခဲ့မှု
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်ဖြစ်ပွား

0
609

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဇန်နဝါရီ ၇ ရက်ညပိုင်းက သားအမိ ၂ ဦးကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့ညပိုင်းက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်၊ကော့သောင်းလမ်းရှိ နေအိမ်တစ်လုံးတွင် သားအမိ ၂ ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

“အိမ်ထောင်ရေးကိစ္စကြောင့် အခုလိုကြိုးဆွဲချပြီး သေကြောင်းကြံခဲ့တာလို့သိရတယ် အမျိုးသားက နောက်ထပ်အမျိုးသမီးတစ်ယောက်ထားလို့ အခုလိုဖြစ်သွားတယ်ဆိုတာကတော့ ကျွန်တော်တို့လည်း သေချာမသိဘူး ပတ်ဝန်းကျင်ပြောစကားကိုပဲ ကျွန်တော်တို့ကပြန်သိရတာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

အဆိုပါ သားအမိ ၂ ဦးသည် နေအိမ်ထုတ်တန်း၌ ကြိုးဆွဲချ၍သေဆုံးနေခြင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ အသက်(၄၀)နှစ်ခန့်နှင့်သမီးဖြစ်သူမှာ အသက် (၅)နှစ်ခန့်သာရှိသေးကြောင်း သိရသည်။

သေဆုံးသူသားအမိ ၂ ဦး၏ ရုပ်အလောင်းများအား ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှလည်း သေဆုံးရသည့်ဖြစ်စဥ်အား တိကျစွာသိရှိနိုင်ရန် သေမှုသေခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here