ထိုင်းနိုင်ငံသို့ လေကြောင်းဖြင့် ဝင်လာမည့် နိုင်ငံခြားခရီးသည်များအားကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်းပြသရမည့်အစိုးရအမိန့်ထုတ်လိုက်သည်ကို ပြန်လည်သုံးသပ်ရန် ခရီးသွားကုမ္မဏီများက ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းထားသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဖူးခက်၊ ဖန်ငနှင့် ခရပ်ဘီ ပြည်နယ်များမှ ခရီးသွားကုမ္မဏီများနှင့် အသင်းအဖွဲ့ ဒါဇင်ပေါင်းများစွာက ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာထံ သောကြာနေ့က စာတစ်စောင် တင်ခဲ့သည်။
တနင်္ဂနွေနေ့မှ စတင်၍ COVID-19 ကာကွယ်ဆေး ၂ ကြိမ်ထိုးထားသည့်ကဒ်ပြဖို့တောင်းဆိုခြင်းသည်ထိုင်းသို့လာလိုသည့် ခရီးသွားများအတွက် အဆင်မပြေဖြစ်စေပြီး ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ဖို့တွန့်ဆုတ်သွားနိုင်ကြောင်း အဆိုပါစာတွင် ဖော်ပြထားသည်။
နိုင်ငံအများအပြားတွင် COVID-19 နှင့်ပတ်သက်သည့် လိုအပ်ချက်များကို လုံးလုံးလျားလျား ဖျက်သိမ်းထားပြီးဖြစ်ကြောင်း စာတွင်ထည့်သွင်းထားသည်။
” ခရီးသွားလာရေး အဆင်မပြေမှုတွေ ထပ်တိုးနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိကြောင်းပြောဆိုလာတဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းတော်တော်များများလည်းရှိပါတယ်” ဟု အဆိုပါစာတွင်ပါရှိသည်။
တရုတ်အစိုးရ၏ COVID-19 ခရီးသွားလာမှု ကန့်သတ်ချက်များကို ယနေ့မှ စတင်ဖြေလျှော့ပြီးနောက် တရုတ်ခရီးသွားများ ဝင်ရောက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရကစည်းကမ်းအသစ်များ ချမှတ်လိုက်ခြင်းဖြစ်သည်။
Source:khaosod