မဟာအောင်မြေကျောက်ဝိုင်းအနီးရပ်ထားသည့် ကားနောက်ဖုံးအတွင်း၌ ဒဏ်ရာများဖြင့်သေဆုံးနေသော အမျိုးသားတစ်ဦး၏ရုပ်အလောင်းတွေ့

0
249

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်ရှိ မဟာအောင်မြေကျောက်ဝိုင်းအနီးရပ်ထားသည့် ကိုယ်ပိုင်ကားတစ်စီး၏နောက်ဖုံးအတွင်းမှ ဇန်နဝါရီ ၈ ရက်ညပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီ ၄၅ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ဒေးဝန်းအရှေ့ရပ်ကွက်၊ ၃၈လမ်း၊၈၇ လမ်းနှင့် ၈၉ လမ်းကြားရှိ မဟာအောင်မြေကျောက်ဝိုင်းအနီးတွင်ရပ်ထားသည့် MDY 5D/8886 Honda Fit ကားနောက်ဖုံးအတွင်း၌ အဝတ်စဖြင့်အုပ်ထားသည့် အသက်(၃၅)နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအားတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“အဲဒီကားကရပ်ထားတာကြာနေပြီ မသင်္ကာတာနဲ့အနီးနားမှာနေတဲ့လူတွေက သက်ဆိုင်ရာကိုအ ကြောင်းကြားတဲ့အတွက် တာဝန်ရှိတဲ့လူတွေလာပြီး စစ်ဆေးတဲ့အချိန်မှာတွေ့တာပါ နာမည်၊နေရပ်လိပ်စာတွေကတော့ စုံစမ်းဆဲပါ စစ်ဆေးဖို့လုပ်တဲ့အချိန် ကားတံခါးတွေကလော့ချထားတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါ အမျိုးသားသည် အရပ် ၅ ပေ ၅ လက်မခန့်ရှိကာ လည်ပင်းတွင်ကြိုးဖြင့်ညှစ်ထားသည့်ဒဏ်ရာ၊မျက်လုံးနှစ်ဖက်ဖူးရောင်၊နှာခေါင်းသွေးထွက်၊ညာနားထင်ပွန်းရှဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့ပြင် ကားရှေ့ခန်းတွင် MDY 5D/8886 နံပါတ်ပါ ဘီးခွန်စာရွက်၊ O Hway အမည်ပါ GYM ကဒ်တစ်ကဒ်၊ဖုန်းအားသွင်းကြိုးတစ်ချောင်း၊သစ်သားပုတီးလက်ကောက် ၁ ကုံး၊ 5D/8886 ယာဉ်၏ ယာဉ်စည်းကမ်းလမ်းစည်းကမ်းချလံတစ်ရွက်၊ကားအလယ်ခန်းတွင် ‌ချိန်ခွင်ထည့်ထားသည့် ပလက်စတစ်ပုံးအစိမ်းတစ်လုံး၊ကျောက်စိမ်းပစ္စည်းများထည့်ထားသည့် ပလက်စတစ်အဖြူပုံးတစ်ပုံး၊ကားနောက်ဖုံးတွင် ရုပ်အလောင်းအား အုပ်ထားသည့် ခန်းစည်းစ ၁ ခု၊အထိုင်ခင်းစ ၂ ခု၊ကြိမ်ထိုင်ခုံအသေးတစ်လုံး၊ပလပ်စတစ်ခြင်း ၂ ခု၊စတီးရေနွေးဗူးတစ်လုံးတို့အား ရှာဖွေတွေ့ရှိခဲ့သည်။

ရုပ်အလောင်းအား မဟာလူမှုကူညီရေးအသင်းမှမန္တလေးအထွေထွေဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here