ဂျပန်ဝန်ကြီးချုပ်ကီရှီဒါက G – 7 ထိပ်သီးအစည်းအဝေးအား အဆင်ပြေပြေကျင်းပနိုင်ရေးအတွက် ဥရောပနှင့်အမေရိကသို့သွားရောက်

0
148

တိုကျို၊ဇန်နဝါရီ ၉

ဂျပန်ဝန်ကြီးချုပ်ဖူမီရိုကီရှီဒါသည် မေလ၌အိမ်ရှင်အဖြစ်ကျင်းပရန်စီစဉ်ထားသည့် G – 7 ထိပ်သီးအစည်းအဝေးအဆင်ပြေပြေကျင်းပနိုင်ရေးအတွက် ၎င်း၏မဟာမိတ်များနှင့်ဆွေးနွေးရန် ဥရောပ၊ ကနေဒါနှင့်အမေရိကသို့ တနင်္လာနေ့၌စတင်သွားရောက်ပြီဖြစ်ကြောင်းသိရှိရသည်။

ဝန်ကြီးချုပ်သည် ပြင်သစ်၊အီတလီ၊ဗြိတိန်၊ကနေဒါနှင့်အမေရိကနိုင်ငံများသို့သွားရောက်မည်ဖြစ်ပြီး အဆိုပါနိုင်ငံများမှ ခေါင်းဆောင်များအားလုံးသည်လည်း ဂျပန်နိုင်ငံဟီရိုရှီးမား၌ကျင်းပမည့် G – 7 ထိပ်သီးအစည်းအဝေးသို့တက်ရောက်နိုင်ကြောင်းသိရှိရသည်။

ကီရှီဒါ၏ယခုခရီးစဉ်အတွင်း ကန်သမ္မတဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံကာ မြောက်ကိုရီးယား၏နျူနှင့်ဒုံးကျည်ဖွံ့ဖြိုးတိုးတက်မှုများ၊ရုရှား၏ယူကရိန်းသို့ကျူးကျော်ရန်စမှုနှင့်တရုတ်နှင့်ထိုင်ဝမ်တင်းမာမှုများအား ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မေလ၌ကျင်းပမည့် G – 7 ထိပ်သီးအစည်းအဝေး၌နိုင်ငံ့ခေါင်းဆောင်များသည် ရုရှား – ယူကရိန်းပဋိပက္ခကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့အစားအသောက်နှင့်စွမ်းအင်ဈေးနှုန်းကြီးမြင့်မှုများအပါအဝင် ကမ္ဘာ့စီးပွားရေးကျဆင်းစေသည့် အခြားကိစ္စရပ်များကိုလည်းဆွေးနွေးသွားနိုင်သည်ဟုဖော်ပြထားသည်။

ထို့ပြင်ဂျပန်အနေဖြင့်တစ်စတစ်စတိုးမြင့်လာသည့် မြောက်ကိုရီးယား၏ခြိမ်းခြောက်ရန်စမှုများအား ဟန့်တားနိုင်ရန် ကာကွယ်ရေးအသုံးစားရိတ်မြှင့်တင်လျက် မဟာမိတ်ဖြစ်သည့်အမေရိကနှင့်ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန်စိတ်အားထက်သန်လျက်ရှိပြီး အမေရိကသည်လည်း G – 7 ထိပ်သီးအစည်းဝေးပွဲအားအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဂျပန်အတွက်ပံ့ပိုးကူညီသွားမည်ဟုပြောကြားခဲ့သည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here