UEC သည် ရွေးကောက်ပွဲအား အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ ကော်မရှင်၏သိက္ခာ၊ နိုင် ငံ၏ဂုဏ်သိက္ခာကို မထိခိုက်စေရေးအတွက် အမှားမရှိစေရန် သတိမူရမည်ဟု UEC ဥက္ကဋ္ဌပြော

0
462

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးမှ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက နေပြည် တော်၌ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့၌ တာဝန်ထမ်းဆောင်မည့် ဒု-ဦးစီးမှူးများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့် သင်တန်းအမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲဆိုသည်မှာ နိုင်ငံအား ဦးစီးဦးဆောင်ပြုမည့် ပုဂ္ဂိုလ်များ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ဆန္ဒနှင့်အညီ ဆန္ဒမဲပေးရွေးချယ်ခြင်းဖြစ်ပြီး ထိုသို့ ဆန္ဒမဲပေးရွေးချယ်နိုင်စေရန် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူကြီးကြပ်ကျင်းပပေးရသည်ဟု ပြောသည်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများနှင့်အညီဖြစ်စေရန် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အားကြီးကြပ်ရပြီး နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုလည်း ဥပဒေနှင့်အညီဝင်ရောက်ယှဉ်ပြိုင်ရန် ကြီးကြပ်ဆောင်ရွက်ရသည်ဟု ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရန် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊ တိုင်းလွှတ်တော်(သို့)ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေတို့ကို ပြဋ္ဌာန်းထားသည်ဟု ပြောသည်။

UEC အနေဖြင့် လာမည့်ရွေးကောက်ပွဲများတွင် မဲအများဆုံးရသူအနိုင်ရသည့်(FPTP)စနစ်အစား မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲများအလဟဿ၊ လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး မဲဆန္ဒရှင်များ၏ ဆန္ဒမဲများကို အချိုးကျကိုယ်စားပြုပေးနိုင်သည့် အချိုးကျကိုယ်စားပြုစနစ်(PR System)ကို ကျင့်သုံးဆောင်ရွက်ရန် နိုင်ငံရေးပါတီများနှင့် ၄ ကြိမ် တွေ့ဆုံဆွေးနွေးသဘောတူညီခဲ့ပြီးဖြစ်သည်ဟု ပြောသည်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးရာတွင်လည်း မြန်မာနိုင်ငံနှင့်သင့်လျော်သည့် ရိုးရှင်းလွယ်ကူသော Closed List PR စနစ်ကိုကျင့်သုံးမည်ဟု ပြောသည်။

ရွေးကောက်ပွဲများအား ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်၍ ကော်မရှင်၏ လုပ်ဆောင်ချက်၊ဆောင်ရွက်ချက်များသည် ကော်မရှင်၏သိက္ခာ၊နိုင်ငံ၏ဂုဏ်သိက္ခာကို ထိခိုက်နိုင်သဖြင့် အမှားမရှိစေရန် သတိမူရမည်ဖြစ်ပြီး ဥပဒေ၊နည်းဥပဒေများနှင့်အညီ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရမည်ဟု မှာ ကြားခဲ့သည်။

ယင်း သင်တန်းအား ဇန်နဝါရီ ၉ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here