အမြန်လမ်းတွင် ညအချိန် ဖြတ်သန်းသွားလာခွင့် ကန့်သတ်ချက်များ ခရီးသွားများအတွက် အခက်အခဲဖြစ်နေဆဲ

0
405

ရန်ကုန် – မန္တလေး အမြန်လမ်း‌မပေါ်တွင် လမ်းအသုံးပြုသည့်ယာဉ်များအား ညအချိန်ဖြတ်သန်းသွားလာခွင့် ကန့်သတ်မှုများ လုပ်ဆောင်ထားသည်မှာ ကိုဗစ်ပြီးနောက်သက်တမ်းထပ်မံတိုးထားသည့်အတွက် ခရီးသွားပြည်သူများ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန် – မန္တလေး အမြန်လမ်းမပေါ်ရှိ တိုးဂိတ် (၂) ခုအား ည (၁၀) နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားခြင်းဖြစ်ပြီး ညပိုင်းခရီးသွားများအနေဖြင့် လမ်းမပေါ်ရှိ အနီးစပ်ဆုံး ယာဉ်ရပ်နားစခန်းများတွင် ညအိပ်ရပ်နားနေရခြင်း ဖြစ်သည်။

” နီးစပ်ရာနေရာတွေမှာ နားရတာပေါ့။ ညရေးညတာဆိုတော့ အဆင်တော့ မပြေဘူးပေါ့။ ညမထွက်ရအမိန့်တွေဘာတွေကလည်း ရှိနေတော့ အချိန်ကျော်သွားရင် ပေးမဖြတ်တော့ဘူးလေ။ ဒါတွေ ဖြေလျော့ပေးလိုက်ရင်တော့ ကောင်းတာပေါ့” ဟု အမြန်လမ်းအသုံးပြုသည့် ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ မတိုင်မီ ကန့်ချက်ချက်များတွင် ည (၁၂) နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သော်လည်း နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ကာ ည(၁၀) နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုခြင်းဖြစ်ပြီး သတ်မှတ်အချိန် ကျော်လွန်သွားပါက ယာဉ်ရပ်နားစခန်းများဖြစ်သည့် ၃၉ မိုင်၊ ၁၁၅ မိုင်၊ မိုင် ၂၀၀ နှင့်၂၈၅ မိုင်တို့တွင်သာ ညအိပ် ရပ်နားရမည်ဟု နစကက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အသိပေး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

” ပုဒ်မ (၁၄၄) က ည (၁၂) နာရီဆို စပြီပေါ့နော်။ ဒါပေမဲ့ အမြန်လမ်းအသုံးပြုတဲ့သူ အများစုက ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးယာဉ်တွေပေါ့။ ဖြေလျှော့ပေးလိုက်ရင်တော့ အဆင်ပြေတာပေါ့။ သွားလိုတဲ့ နေရာအပိုင်းထဲရောက်မှ အခြေအနေကြည့်ပြီးတော့ အစီအစဉ်ဆွဲနိုင်ရင်‌တော့ ပိုကောင်းတာပေါ့။ မဟုတ်ရင် ဒီလမ်းပေါ်မှာပဲ ၊ ကားပေါ်အိပ်ချင်အိပ် ၊ မအိပ်ချင်လဲ အောက်ဆင်းပြီး အိပ်ပေါ့။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ ” ဟု ခရီးသည်တင် ယာဉ်မောင်းတစ်ဦးကလည်း ပြောသည်။

ယင်းသို့ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားသည့် တိုးဂိတ် (၂) ခုရှိပြီး မန္တလေး – စကားအင်း တိုးဂိတ်နှင့် မိတ္ထီလာ – သီးကုန်းတိုးဂိတ်နှစ်ခုဖြစ်‌ကြောင်း နစက၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုးဂိတ် (၂) ခုတွင် ည (၁၀) နာရီမှ နံနက် (၄) နာ ရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုဘဲ နီးစပ်ရာ တိုးဂိတ်များတွင် ညအိပ်အနားယူရန် နစက က ပြီးခဲ့သည့် ၂၀ ၂၂ ခုနှစ် နိုဝင်ဘာလဆန်းက ချမှတ်ခဲ့ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here