ချို့ယွင်းမှုတစ်ခုကြောင့် ဗြိတိန်၏ ပထမဆုံး ဒုံးပျံမစ်ရှင် ကျရှုံး

0
292

ချို့ယွင်းမှုတစ်ခုကြောင့် ဗာဂျင်အော်ဗစ် ဒုံးပျံသည် ကမ္ဘာပတ်လမ်းကြောင်းသို့ မရောက်ရှိခဲ့သည့်အတွက် ဗြိတိန်၏ ပထမဆုံးသော အာကာသမစ်ရှင်မှာ ကျရှုံးသွားကြောင်း သိရသည်။

ဗာဂျင် လောင်ချာဝမ်း ဒုံးပျံကို သယ်ဆောင်ထားသော ကောစမစ်ဂဲလ် ဟုအမည်ပေးထားသည့် ဗာဂျင်အော်ဗစ်၏ ဘိုအင်း ၇၄၇ ဂျက်လေယာဉ်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အနောက်ဘက် ၂၄၅ မိုင်အကွာရှိ ကွန်းဝေါခရိုင် နူးကွေးမြို့တွင် ဇန်နဝါရီလ ၉ ရက် တနင်္လာနေ့က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ဂြိုဟ်တု ၉ လုံးကို တင်ဆောင်ထားသော အဆိုပါဒုံးပျံသည် လွှတ်တင်မှု ကျရှုံးသွားပြီးနောက် လေထုအတွင်း လောင်ကျွမ်းသွားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဒုံးပျံသည် ရေထဲသို့ ဆင်းသက်မည်ဟု ခန့်မှန်းထားသော်လည်း ကမ္ဘာမြေသို့ ပြန်ဝင်လာစဉ် လေထုအတွင်း အပူဒဏ်ကြောင့် လောင်ကျွမ်းသွားခဲ့ကြောင်း နူးစ်စိုင်းယန့်စ်တစ် သတင်းဌာနက ဖော်ပြထားသည်။

ညသန်းခေါင် ရောက်ခါနီးအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ တာဝန်ရှိသူတစ်ဦးက ဒုံးပျံသည် ပတ်လမ်းကြောင်းသို့ မရောက်ရှိမီ ချို့ယွင်းတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုလွှတ်တင်မှုသည် ဗြိတိန်မြေမှ ပထမဆုံး ဒုံးပျံလွှတ်တင်မှုဖြစ်ရုံသာမက ဂြိုလ်တုများကို ဥရောပမှ ပထမဆုံးအကြိမ် လွှတ်တင်ခြင်းလည်း ဖြစ်သည်။

ဒုံးပျံလွှတ်တင်မှုအား ရာနှင့်ချီသော ပရိသတ်များက ကွန်းဝေါလေဆိပ်မှ စောင့်ကြည့်ခဲ့ကြသည့်အပြင် တိုက်ရိုက်တင်ဆက်မှု အစီအစဉ်မှလည်း လူပေါင်း ၇ သောင်း ၅ ထောင်ကျော် ကြည့်ရှုခဲ့ကြောင်း သိရသည်။

Source: Independent


LEAVE A REPLY

Please enter your comment!
Please enter your name here