ဗာဂျီးနီးယားပြည်နယ်သေနတ်ပစ်မှုမှာ မိခင်၏သေနတ်ကို ကလေးငယ်က ယူဆောင်လာကာ ဆရာမကို ပစ်ခြင်းဖြစ်ကြောင်း သိရ

0
126

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားပြည်နယ်ရှိ Richneck Elementary School ကျောင်းတွင် အသက် ၆ နှစ်အရွယ် ကျောင်းသားငယ်တစ်ဦးက စာသင်ခန်းထဲတွင် သူ၏ ဆရာမကို သေနတ်ဖြင့်ပစ်ခတ်မှု ပြီးခဲ့သည့် သီတင်းပတ် သောကြာနေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ရာတွင်၊ အဆိုပါကလေးငယ်သည် သူ့မိခင်၏ သေနတ်ကို ယူဆောင်လာကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ပြည်နယ်ရဲချုပ် စတိဗ်ဒရူးက တနင်္လာနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကျောင်းသားကလေးငယ်သည် သူ့မိခင်တရားဝင် ဝယ်ယူကိုင်ဆောင်သော ၉ မီလီမီတာ ပစ္စတိုသေနတ်ကို ကျောပိုးအိတ်ထဲတွင် ထည့်၍ ကျောင်းသို့ ယူဆောင်လာကာ အသက် ၂၅ နှစ်အရွယ်ရှိ သူ၏ ဆရာမ Abby Zwerner ကို ပစ်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ပြည်နယ်ရဲချုပ်က ပြောကြားသည်။

အခင်းဖြစ်သည့်နေ့က ကနဦးသိရှိခဲ့ခြင်းဖြစ်သော ဆရာမနှင့် ကျောင်းသားကလေးငယ်အကြား အငြင်းပွားအချင်းများခဲ့ကြသည်ဆိုခြင်းမှာ မဟုတ်ကြောင်းကိုလည်း ပြည်နယ်ရဲချုပ်က ပြင်ဆင်ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ နောက်ဆုံးသိတာကတော့ ဆရာမက ကျောင်းသားလေးကို ညွှန်ကြားချက်တွေပေးနေတုန်း ကလေးက သေနတ်ထုတ်ပြီး ချိန်ပြီးတော့ တစ်ချက်ပစ်လိုက်တာပါပဲ”ဟု ပြည်နယ်ရဲချုပ် စတိဗ်ဒရူးကဆိုသည်။

ဆရာမ Abby Zwerner သည် သေနတ်ဖြင့် ပစ်ခံရချိန်တွင် ခုခံသည့် အနေအထားသဘောဖြင့် သူမ၏ လက်ကို မြှောက်လိုက်မိသဖြင့် ကျည်ဆန်သည် သူမ၏ လက်ကိုဖောက်၍ သူမ၏ ရင်ဘတ်အပေါ်ပိုင်းကိုပါ ထိမှန်ခဲ့သည်ဟု စတိဗ်ဒရူးက ဆိုသည်။

ဆရာမသည် သေနတ်ထိမှန်ထားသော်လည်း စာသင်ခန်းတွင်းရှိ ကလေးငယ်များ အခန်းတွင်းမှ လျှင်မြန်စွာထွက်သွားကြစေရေးကို ဆောင်ရွက်ခဲ့ပြီး၊ နောက်ဆုံးမှသာလျှင် စာသင်ခန်းထဲမှ ထွက်ခဲ့ကြောင်း CCTV မှတ်တမ်းများအရသိရသဖြင့် ဆရာမကို သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးကြောင်းကိုလည်း ပြည်နယ်ရဲချုပ်က ပြောကြားခဲ့သည်။

ဆရာမ၏ ဒဏ်ရာများကို ကနဦးတွင် အသက်အန္တရာယ်ရှိသည်ဟု ယူဆခဲ့သော်လည်း ယခုတွင်မူ သူမ၏ အခြေအနေမှာ ပြန်လည်ကောင်းမွန်လာပြီး လက်ရှိတွင် ဆေးရုံ၌ ကျန်းမာရေးတည်ငြိမ်သူအဖြစ် သတ်မှတ်ထားပြီဖြစ်သည်။

ဆရာမ သေနတ်ပစ်ခံရခြင်းအတွက် ကျောင်းသားများနှင့် မိဘများက ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။

ဗာဂျီးနီးယားပြည်နယ်၏ ဥပဒေအရ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ရာဇဝတ်မှုအရ အပြစ်ဒဏ်ပေးရန် မူအားဖြင့်ဖြစ်နိုင်သော်လည်း၊ အတားအဆီးများစွာရှိနေသဖြင့် မည်သည့်အစိုးရရှေ့နေပင်ဖြစ်စေကာမူ ကြိုးစားရန် မဖြစ်နိုင်ကြာင်း ဥပဒေပညာရှင်များက ပြောသည်။

သို့ရာတွင် သေနတ်ပိုင်ရှင်အနေဖြင့် ကျည်ထိုးထားသော သေနတ်ကို မဆင်မခြင် ထားသည့်အတွက် ယင်းကို တားမြစ်ထားသော ဗာဂျီးနီးယားပြည်နယ်ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ကန်ဒေါ်လာ ၂၅၀၀ အထိ အပြစ်ပေးနိုင်ကြောင်းသိရသည်။

Ref: 6-year-old used mom’s gun to shoot Virginia teacher; police reveal heroic actions following shot


LEAVE A REPLY

Please enter your comment!
Please enter your name here