ဗြိတိန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အီရန်အရာရှိဟောင်းအား တေရန်က သေဒဏ်ချမှတ်

0
138

ဗြိတိန်နှင့် အီရန် နှစ်နိုင်ငံစလုံး၏ နိုင်ငံသားအဖြစ် ခံယူထားသည့် အီရန်အရာရှိဟောင်း အလီရေဇာ အက်ဘာရီအား ဗြိတိန်အတွက် သူလျှိုလုပ်ပေးမှုဖြင့် အီရန်တွင် သေဒဏ်ချမှတ်လိုက်ကြောင်း အီရန်တရားစီရင်ရေးနှင့် ဆက်နွယ်နေသည့် Mizan သတင်းဌာနက ဇန်နဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။

အက်ဘာရီသည် ယခင်က အီရန်၏ လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး အီရန်-အီရတ်စစ်ပွဲကို အဆုံးသတ်စေခဲ့သော ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ခဲ့သည့် စစ်ဘက်အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ကြောင်း အီရန် ပြုပြင်ပြောင်းလဲရေး လိုလားသူ Shargh Daily သတင်းဌာနက ဖော်ပြထားသည်။

ဗြိတိန်အစိုးရသည် ကွပ်မျက်မှုကို ရပ်တန့်ကာ အက်ဘာရီကို ပြန်လွှတ်ပေးရန် အီရန်နိုင်ငံအား တောင်းဆိုထားသည်။

အက်ဘာရီ သည် ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။

အက်ဘာရီသည် ဗြိတိန်လျှို့ဝှက်ထောက်လှမ်းရေးဌာန MI6 အတွက် လျှို့ဝှက်အေးဂျင့်အဖြစ် အလုပ်လုပ်ပေးခဲ့ကြောင်းနှင့် သူသည် အရေးကြီးသော နိုင်ငံတော်အချက်အလက်များကို စုဆောင်းပြီး သတင်းပေးပို့ခဲ့ကြောင်းကို အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက အတည်ပြုထားသည်ဟု သတင်းမီဒီယာများက ဆိုသည်။

အရာရှိတစ်ဦးသည် အက်ဘာရာအား မကွပ်မျက်ခင် ထောင်ထဲသို့ နောက်ဆုံးအနေဖြင့် လာရောက်တွေ့ဆုံရန် ပြောဆိုခဲ့ကြောင်း ဇနီးဖြစ်သူ မာရီရမ်က ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here