ထိုင်းနိုင်ငံရှိ နိုင်ငံကူးလက်မှတ် သက်တမ်းကုန် ၁၀၀၀ အထက်ရှိသော စက်ရုံများတွင် Mobile Team စနစ်ဖြင့်ဆောင်ရွက်ပေးမည်

0
92

ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် နိုင်ငံကူးလက်မှတ် သက်တမ်းကုန် မြန်မာ လုပ်သား ၁၀၀၀ အထက်ရှိသော စက်ရုံများတွင် Mobile Team စနစ်ဖြင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ယနေ့ (ဇန်နဝါရီ ၁၂ ရက်) တွင် အသိပေးလာသည်။

နိုင်ငံကူးလက်မှတ် (PJ) သက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀ ဉီးနှင့်အထက် ရှိသော စက်ရုံများအား စက်ရုံ/ အလုပ်ရုံမှ တာဝန်ရှိသူများနှင့် ဇန်နဝါရီ ၂၃ ရက်၌ တွေ့ဆုံပြီး မဲနှိုက်၍ အလှည့်ကျသော စက်ရုံ (၁) နှင့် စက်ရုံ (၂) အား ဇန်နဝါရီ ၂၄ ရက်နေ့၌ ချက်ချင်း စေလွှတ်သွားမည်ဟုဆိုသည်။

Mobile Team စနစ်ဖြင့်ဆောင်ရွက်ရာတွင် စက်ရုံများအနေဖြင့် နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့် လုပ်သား ၅၀ ဉီး (အနည်းဆုံး) ထိုင်၍ စောင့်ဆိုင်းနိုင်ရန်ခန်းမ၊ စက်ပစ္စည်းနှင့် နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးမည့် ဌာနဆိုင်ရာ အရာထမ်းများအတွက် နေရာ၊  ဓါတ်ပုံရိုက်ရန်နှင့် စက်ပစ္စည်းအသုံးပြုနိုင်ရန် လျှပ်စစ်လိုင်းသွယ်တန်းမှု၊ အလှည့်ကျသူအား ခေါ်ထုတ်ပေးနိုင်မည့် စက်ရုံကိုယ်စားလှယ် ၂ ဉီး စသည်တို့ စီစဉ်ပေးရမည်ဟု အသိပေးထားသည်။

စက်တစ်စုံသည် တစ်နေ့လျှင် ၂၅၀ ဉီးမှ ၃၀၀ ဉီးအတွင်း ပြုလုပ်ပေးနိုင်သဖြင့် သတ်မှတ်ပုံစံ ရေးသွင်းခြင်း၊ ဓါတ်ပုံကပ်ခြင်း၊ လိုအပ်စာရွက်စာတမ်းများပူးတွဲခြင်း လုပ်ငန်းစဉ်ကို စက်ရုံများမှ တာဝန်ယူ၍ ကြိုတင်ဆောင်ရွက်ထားရန် လိုအပ်သည်ဟုလည်း ဆိုသည်။

အထက်ပါ လုပ်ငန်းစဥ်များအား သတ်မှတ်ရက်အတွင််း ဆောင်ရွက်ပေးရန်နှင့် အဆင်သင့်မဖြစ်သော စက်ရုံများအား နောက်ဆုံးနံပါတ်စဉ်သို့ ထည့်သွင်းသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းများပြုလုပ်ရာတွင် အဆင်မပြေမှုများဖြစ်ပေါ်နေသည့်အတွက်  ဘန်ကောက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယခုကဲ့သို စီစဉ်ပေးခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here