အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အီရန်၊ဘင်္ဂလားဒေ့ရှ်၊မော်လ်ဒိုက်စ်တို့နှင့်အတူကျရောက်

0
157

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စုရေးဆွဲခြင်းကို ဇန်နဝါရီ ၁၂ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စု(B)တွင်အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်ကို အသင်းပေါင်း (၂၆) သင်းက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး (၄)သင်းပါ (၅) အုပ်စု၊ (၃)သင်းပါ (၂) အုပ်စု ခွဲခြားထားကာ ပွဲစဉ်များကို ၂၀၂၃ ဧပြီ ၃ရက်မှ ၁၁ ရက်အထိ ကစားသွားမည်ဖြစ်သည်ဟု သိရသည်။

ပထမအဆင့် ခြေစစ်ပွဲတွင် အုပ်စု ပထမရသည့်အသင်းများသည် ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး ယင်းအဆင့်တွင် ဦးစား ပေးအဆင့်အမြင့်ဆုံး (၅)သင်းအဖြစ် သတ်မှတ်ခံထားရသော မြောက်ကိုရီးယား၊ ဂျပန်၊ ဩ‌စတြေးလျ ၊တရုတ်၊ တောင်ကိုရီးယားတို့နှင့် ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ဒုတိယအဆင့်ခြေစစ်ပွဲတွင် အသင်းပေါင်း (၁၂)သင်းကို (၄)သင်းပါ (၃) အုပ်စုဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အုပ်စု ပထမရ (၃)သင်းနှင့် အကောင်းဆုံး ဒုတိယရ (၁) သင်းတို့သည် တတိယအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။

တတိယအဆင့်ခြေစစ်ပွဲတွင် အသင်း(၄) သင်းကို တွဲဆိုင်း(၂) ဆိုင်းပုံစံခွဲကာ အိမ်ကွင်း၊ အဝေးကွင်း ကစားစေမည်ဖြစ်ပြီး အနိုင်ရသော အသင်း(၂) သင်းသည် အိုလံပစ် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

၂၀၂၀ တိုကျိုအိုလံပစ်တွင် အာရှမှ အသင်း(၃)သင်း ယှဉ်ပြိုင်ခဲ့ပြီး ဩ‌စတြေးလျအသင်းက စတုတ္ထ၊ ဂျပန်အသင်းက ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သော်လည်း တရုတ်အသင်းမှာမှု အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်နေပြီး အိုလံပစ် ခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များအတွက် နိုဝင်ဘာလမှ စတင်ကာ ပဏာမ ကစားသမား (၃၅)ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here