ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတားအမှတ် (၁) ဖွင့်လှစ်လိုက်သည့် သတင်းကြောင့် ဒေါ်လာဈေး အနည်းငယ်တက်လာ

0
277

ယနေ့ နံနက်ပိုင်းက ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့ရှိ ချစ်ကြည်ရေးတံတား အမှတ်(၁) ကို ဖွင့်လှစ်လိုက်သည့် သတင်းကြောင့် ဒေါ်လာဈေး အနည်းငယ် မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ တံတား ဖွင့်လှစ်လိုက်သည့်အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်း ပိုမိုအဆင်ပြေလာနိုင်သည့်အပြင် ခရီးသွားကဏ္ဍလည်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေခြင်း ဖြစ်သည်။

အဆိုပါ တံတား ဖွင့်လှစ်လိုက်သည့်အတွက် ပြည်တွင်းရှိ နိုင်ငံခြားငွေဈေးကွက်သို့ ရိုက်ခတ်မှုအနည်းငယ်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ဒေါ်လာဈေး အနည်းငယ် ထပ်မံမြင့်တက်လာကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းက ပြည်တွင်း ဒေါ်လာဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျင် မြန်မာငွေ ၂၈၃၅ ကျပ် ဝန်းကျင် ဈေးပေါက်နေရာမှ ယနေ့ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ၂၈၆၅ ကျပ်အထိ ဈေးဖွင့် အရောင်း ပြုလုပ်လျက်ရှိပြီး ဆက်လက်မြင့်တက်နိုင်သည့် အရိပ်အယောင်ရှိကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးထံမှ စုံစမ်းသိရသည်။

” တက်တယ် ၊ တက်တယ် ။ အစောပိုင်းတည်းကတော့ ဖြေးဖြေးချင်း တက်နေတာပါ။ ဒီမနက်တော့ ၃၀ လောက် ထပ်တက်တယ်။ ဟုတ်ပါတယ်။ မြဝတီတံတား ဖွင့်လိုက်တာနဲ့လည်း ဆိုင်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ငွေကြေးဈေးကွက်မှာက ဒီလိုပဲ တစ်ခုခုဆို လှုပ်လှုပ်ခတ်ခတ် ဖြစ်တာပဲလေ။ ဆက်တက်မယ့် အရိပ်အယောင်လည်း ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာ ၂၁၀၀ ကျပ်နှုန်း အရောင်းအဝယ်ပြုလုပ်ရန် ရည်ညွှန်းသတ်မှတ်ထားသော်လည်း ဒေါ်လာဈေးနှုန်းမှာ ကျပ် ၃၀၀၀ ဝန်းကျင်၌သာ အရောင်းအဝယ်ပြုလုပ်လျက် ရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ကိုဗစ်ကာလမှ စတင်ကာ ပိတ်ထားခဲ့သည့် ထိုင်း – မြန်မာချစ်ကြည်ရေး တံတား အမှတ် (၁) ကို ယနေ့ ဇန်နဝါရီ (၁၂) ရက် နံနက် (၉) နာရီဝန်းကျင်က နှစ်နိုင်ငံ တာဝန်ရှိသူများ တက်ရောက်ကာ ဖွင့်လှစ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here