မြဝတီ – မဲဆောက်အမှတ် (၁) တံတားမှ ဖြတ်သန်းသွားလာမည့်သူများကို (၁)ရက်ခံ Border Pass သာထုတ်ပေးဦးမည်ဟုသိရ

0
387

ယနေ့ နံနက်ပိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်သည့် မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် (၁) မှ နယ်စပ်ဖြတ်ကျော်သွားလာသူများကို လတ်တလောတွင် One day Border Pass သာ ထုတ်ပေးမည်ဖြစ်ပြီး နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မြဝတီ – မဲဆောက် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ယနေ့ ‌နံနက် (၉) နာရီဝန်းကျင်က မြဝတီ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ထိုင်းနိုင်ငံတာဂ်(ခ်)ခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်ကာ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး တံတားအား စတင်ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တံတားအား ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သော်လည်း နှစ်နိုင်ငံအတွင်းမှ ဖြတ်ကျော်ဝင်ရောက်လာမည့် သူများအနေဖြင့် ညနေ (၆) နာရီမတိုင်မီ မိမိတို့ နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။

” ဖွင့်တာကတော့ ဖွင့်ပေးလိုက်ပြီ။ ဖြတ်လို့လည်း ရပြီပေါ့နော်။ ဒါပေမဲ့ လောလောဆယ်တော့ တစ်ရက်ပဲရဦးမယ်။ မနက် (၆) ကနေ ညနေ (၆) နာရီအထိပေါ့။ အဲမတိုင်ခင် ပြန်ဝင်ပေါ့” ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် မြဝတီ ဒေသခံတစ်ဦးက ပြောသည်။

ယခင်က အဆိုပါ တံတားအား ဖြတ်သန်းသွားလာမည့် မြန်မာနိုင်ငံသားများအနေဖြင့် မြဝတီဖက်အခြမ်းတွင် ယာယီပတ်စပို့(စ်) ထုတ်ယူကာ ထိုင်းနိုင်ငံအတွင် (၇) ရ က်အထိ နေထိုင်နိုင်ခြင်း ဖြစ်သည်။

လက်ရှိတွင် မဲဆောက်ဖက်အခြမ်းသို့ ကူးမည့် မြန်မာနိုင်ငံသားများအနေဖြင့် မဲဆောက်ဖက်ကမ်းတွင် ညနေ (၆) နာရီမတိုင်မီအထိ နေထိုင်ခွင့်ရှိပြီး မဲဆောက်မှ မြဝတီဖ က်ကမ်းသို့ လာမည့်သူများအနေဖြင့် မြဝတီမြို့ ဧရိယာအတွင်းသာ သွားလာလည်ပတ်၍ ရမည်ဟုလည်း သိရသည်။

Border Pass ထုတ်ယူရာတွင် မြန်မာဖက်ခြမ်းမှ ကူးမည့်သူများအနေဖြင့် စာအုပ်ကြေး ၂၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး တံတားပေါ် ဖြတ်သန်းသွားလာမည့် ယာဉ်များကိုလည်း လိုင်စင်ရှိသည့် လူစီးယာဉ်များကိုသာ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

” မြန်မာဘက်က ၂၀၀၀ ကျပ်ပေးရတယ်။ ထိုင်းဖက်က တော့ ဘယ်လောက်လဲ မသိဘူး။ ထိုင်းဘက်ကတော့ ဒီနေ့တော့ အလကားလုပ်ပေးပြီး ပေးဖြတ်တယ်လို့ကြားတယ်။ ကားတွေကိုလည်း လိုင်စင်ကားပဲကူးခွင့်ပြုတယ်”လို့ သိရပါသည်။

မြန်မာဖက်မှ ကူးလာမည့်သူများအနေဖြင့် မဲဆောက်မြို့အနီးတဝိုက်ရှိ ဖဝေါ ၊ မဲ့ကဆာရေတံခွန် ၊ ဖုတ်ဖရလိုက်တရဝါန်အထိသွားရောက်လည်ပတ်ခွင့် ပြုမည်ဖြစ်ကြောင်း ထိုင်းရောက်မြန်မာနိုင်ငံသားအချို့ထံမှ သိရသည်။

အဆိုပါ ထိုင်း – မြန်မာ ချစ်ကြည်ရေး တံတား အမှတ်(၁) ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကစတင်ပြီး ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်မှု စည်းမျဉ်းများနှင့်အညီ ပိတ်ထားခဲ့ခြင်းဖြစ်ကာ (၃) နှစ်ဝန်းကျင်အကြာတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here