အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေယိုစိမ့်မှုဖြစ်စဥ်တွင် လူဦးရေ ၅၀ ဦးခန့် မူးဝေအော့အန်ခဲ့ ၊လက်ရှိအချိန်အထိ လူနာတင် ကားများအား အသင့်ပြုလုပ်ထား

0
323

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊အုတ်ကျင်းဘူတာရုံလမ်း၌ ဇန်နဝါရီ ၁၂ ရက်ညပိုင်းက အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ သိရသည်။

ယင်းနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်က အုတ်ကျင်းဘူ တာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်ခဲ့သဖြင့် လှိုင်မြို့နယ်မီးသတ်စခန်း၊မရမ်းကုန်းမြို့နယ်မီးသတ်စခန်း၊ရန်ကုန်တိုင်းမီးသတ်ဦးစီးမှူးရုံး၊မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံး၊မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများက ဓာတ်ငွေ့ရှင်းလင်းခြင်းနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“ဒီနေ့မနက်တော့ ဓာတ်ငွေ့အနံမရှိတော့ပါဘူး ၊ညက ၂ နာရီလောက်အထိတော့ ဓာတ်ငွေ့အနံရှိနေသေးတယ် စက်ရုံကလူနေအိမ်တွေနဲ့အရမ်းနီးတယ် ပတ်ဝန်းကျင်ကလူတွေက ဓာတ်ငွေယိုစိမ့်တော့ အောက်ဆီဂျင်ပြတ်သွားတဲ့ သဘောမျိုးဖြစ်သွားတာ မီးသတ်ကတော့ လေမှုတ်စက်တွေနဲ့မှုတ်ခဲ့တယ်”ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အခင်းဖြစ်နေရာအနီးတစ်ဝိုက်တွင်နေထိုင်သူများတွင် မူးဝေအော့အန်သူ ၅၀ ဦးခန့်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊မြောက်ဥက္ကလာပဆေးရုံ၊အင်းစိန်ဆေးရုံနှင့်လှိုင်သာယာဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

“သက်ကြီးရွယ်အိုတွေများတယ် ဓာတ်ငွေ့ရှူမိပြီးမူးဝေအော့အန်တာက စိုးရိမ်ရတဲ့အခြေအနေတော့မရှိပါဘူး ဆေးရုံတွေကိုခွဲပြီးပို့ပေးခဲ့ပါတယ် လက်ရှိအချိန်ထိလည်း အဲဒီနေရာမှာ မီးသတ်တပ်ဖွဲ့ရယ် လှိုင်အခြေစိုက်လူမှုကူညီရေးအသင်းတွေက လူနာတင်ကားတွေအသင့်ထားပြီး အခြေအနေစောင့်ကြည့်နေပါတယ်”ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုအား ည ၁၀ နာရီ ၄၇ မိနစ်တွင် ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ငန်းများပြီးစီးခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

“ကျွန်တော်သိရသလောက်ဆိုရင် ဓာတ်ငွေ့ယိုစိမ့်တာကို ဘယ်နေရာကထွက်တယ်ဆိုတာပြန်ပြီးရှာဖွေစစ်ဆေးနေကြတယ် ကျွန်တော်တို့အသင်းကလူနာတင်ကားတွေကိုလည်း အသင့်ပြင်ဆင်ထားပါတယ်”ဟု အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here