အမိုးနီးယားဓာတ်ငွေ့ထိတွေ့ချိန်ကြာမြင့်ပါက မျက်စိကန်းခြင်း၊ အဆုတ်ပျက်စီးခြင်းနှင့်သေဆုံးခြင်းများဖြစ်ပွားနိုင်

0
260

ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊အုတ်ကျင်းဘူတာရုံလမ်း၌ ဇန်နဝါရီ ၁၂ ရက်ည ၉ နာရီ ၁၀ မိနစ်ခန့်က အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့၍ အမျိုးသား၊အမျိုးသမီး ၅၀ ဦးခန့်တွင် မူးဝေအော့အန်မှုများဖြစ်ပွားခဲ့သည်။

ထိုသို့ အမိုးနီးယားဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများနှင့်လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအား ဒေါက်တာသူရိန်လှိုင်ဝင်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် အကြံပြုရေးသားထားသည်။

အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်ပါက ရေစွတ်၍မျက်နှာမှာဖုံးထားခြင်းသည် အန္တရာယ်ရှိကာ ထိုသို့မပြုလုပ်ဘဲ ရေနှင့်ဆပ်ပြာအသုံးပြုဆေးကြောပြီး အမိုးနီးယားဓာတ်ငွေ့နှင့် ဆက်လက်ပြီးထိတွေ့ခြင်းမပြုရန် အရေးကြီးသည်ဟု အကြံပြုရေးသားထားသည်။

အမိုးနီးယားဓာတ်ငွေ့သည် ခန္ဓာကိုယ်အတွင်းသို့ ရှူသွင်းခြင်း၊မျိုချခြင်း၊အသားနှင့်ထိတွေ့ခြင်း ( ၃) မျိုးဖြင့်ရောက်ရှိနိုင်ကာ အမိုးနီးယားဓာတ်ငွေ့သည် အရာဝတ္ထုများအားစားသည့် ဂုဏ်သတ္တိရှိသည်ဟု သိရသည်။

အမိုးနီးယားဓာတ်ငွေ့ ထိတွေ့မှုပုံစံပေါ်မူတည်၍ ကျန်းမာရေးထိခိုက်မှုပြင်းထန်ခြင်း ကွာဟပြီး လေထုမှတဆင့် အမိုးနီးယားဓာတ်ငွေ့ပမာဏများများ ထိတွေ့မိပါက ချက်ချင်းမျက်စိ၊နှာခေါင်းနှင့်လည်ချောင်းများ ပူစပ်ခြင်းဖြစ်ပေါ်နိုင်ကာ ပမာဏပြင်းထန်ပြီး ထိတွေ့ချိန်ကြာမြင့်ပါက မျက်စိကန်းခြင်း၊အဆုတ်ပျက်စီးခြင်းနှင့်သေဆုံးခြင်းများဖြစ်ပေါ်နိုင်သည်ဟု ဒေါက်တာသူရိန်လှိုင်ဝင်းကရေးသားထားသည်။

ထို့ပြင် အမိုးနီးယားဓာတ်ငွေ့အား ရှူရှိုက်မိပါက ချောင်းဆိုးခြင်း၊နှာခေါင်းနှင့်လည်ချောင်းယားယံခြင်းများဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် အမိုးနီးယားဓာတ်ငွေ့နှင့် ထိတွေ့မိသည့်အခါ၌ ဖြစ်ပွားသည့်နေရာမှ မြန်ဆန်စွာထွက်ခွာရမည်ဖြစ်ပြီး ဆက်လက်နေထိုင်ခြင်းမပြုသင့်ကြောင်း ဒေါက်တာသူရိန်လှိုင်ဝင်းကအကြံပြုရေးသားထားသည်။

ယင်း နေရာ၌ဆက်လက်နေထိုင်ခြင်းမပြုသင့်ဘဲ အနံ့ရှိနေပါက အမိုးနီးယားဓာတ်ငွေ့ရှိနေမည်ဖြစ်သည်ဟု အကြံပြုရေးသားထားသည်။

ထို့ပြင် ဓာတ်ငွေ့ထိထားသည့် အဝတ်အစားများအား ချွတ်ပစ်၍ အလုံပိတ်ထားရမည်ဖြစ်ကာ အရေပြားအား ဆပ်ပြာနှင့်ရေများများအသုံးပြုပြီး ဆေးကြောခြင်း မျက်လုံးအား ရေများများဖြင့်ဆေးကြောခြင်းများပြုလုပ်ရမည်ဟု အကြံပြုရေးသားထားသည်။

မျက်ကပ်မှန်တပ်ဆင်ထားသူများအနေဖြင့် ချက်ခြင်းချွတ်ပစ်ရမည်ဖြစ်ပြီး မျက်မှန်တပ်ဆင်ထားသူများအနေဖြင့်လည်း မျက်မှန်အား ဆပ်ပြာနှင့်ရေအသုံးပြုဆေးကြောပြီးမှသာ ပြန်လည်တပ်ဆင်ရမည်ဟု အကြံပြုရေးသားထားသည်။

သတိပြုသင့်သည့် အချက်အနေဖြင့် အရေပြားအား ဆေးကြောရာတွင် ဆပ်ပြာမရှိပါက အစွန်းချွတ်ဆေးအသုံးပြုခြင်းအား လုံးဝမပြုလုပ်သင့်ကြောင်း ဒေါက်တာသူရိန်လှိုင်ဝင်းက အကြပြုရေးသားထားသည်။

အဓိကအနေဖြင့် အမိုးနီးယားဓာတ်ငွေ့သည် ထိတွေ့မိသည်များအားစားခြင်းကြောင့် ထိတွေ့မှုမဖြစ်ရန်၊ထိတွေ့ပြီးပါက အမိုးနီးယားများလုံးဝကုန်သွားစေရန် ရေနှင့်ဆပ်ပြာအသုံးပြု၍ ဆေးကြောရမည်ဟု အကြံပြုရေးသားထားသည်။

အမိုးနီးယားဓာတ်ငွေ့ပျံနှံမှု ပမာဏများပြားခြင်းမရှိဘဲ လေထုအတွင်းရှိ အမိုးနီးယားဓာတ်‌ငွေ့ပမာဏသည် ဘေးမဖြစ်စေနိုင်လောက်သည့် ပမာဏဖြစ်ပါက ရက်ပိုင်းအတွင်းလျော့ကျနိုင်ကာ အများဆုံး တစ်ပတ်ထိကြာမြင့်နိုင်သည်ဟု ဒေါက်တာသူရိန်လှိုင်ဝင်း၏ အကြံပြုရေးသားထားချက်အရ သိရသည်။

Photo – သုခကာရီ လူမှုကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here