နတ်မောက်မြို့နယ်တွင် ကျောင်းမှပြန်လာသည့် မူလတန်းကျောင်းအုပ်ဆရာတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

0
237

မကွေးတိုင်း၊နတ်မောက်မြို့နယ်ရှိ အ.မ.က (ဖျောက်ဆိတ်)၏ ကျောင်းအုပ်ဆရာကြီးဦးဝင်းခိုင်(၅၂)နှစ်သည် ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ကျောင်းမှပြန်လာစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီခွဲခန့်က နတ်မောက်မြို့နယ်၊ ကျွန်းတောကျေးရွာနေ အ.မ.က(ဖျောက်ဆိတ်)၏ ကျောင်းအုပ်ဆရာကြီးဦးဝင်းခိုင်သည် ကျောင်းမှတဆင့်နေအိမ်သို့ ဆိုင်ကယ်ဖြင့်ပြန်လာခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လာစဥ် ဆိုင်ကယ်မောင်းလာသည့် အမည်မသိအမျိုးသား ၁ ဦးကနောက်မှလိုက်ပါလာကာ ဘန်းကုန်းကျေးရွာအုပ်စု၊ဖျောက်ဆိတ်ကုန်းကျေးရွာအနီးရှိ နတ်မောက်-ကျောက်ပန်းတောင်းသွားကားလမ်းဘေးသို့အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ကျောင်းအုပ်ဆရာကြီးဦးဝင်းခိုင်၏ ဘယ်လက်မောင်း၊ဘယ်ရင်အုံ၊ညာရင်အုံအောက်၊ဝမ်းဗိုက်အထက်နှင့်ဘယ်နံစောင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here