ဆီဘောက်ဆာကား ၂ စီးနှင့်ခရီးသည်တင် (Express)ကားတို့တိုက်မိ၍ မီးလောင်မှုဖြစ်ပွားကာ ၄ ဦးဒဏ်ရာရရှိခဲ့မှု ဇေယျာသီရိမြို့နယ်တွင်ဖြစ်ပွား

0
274

နေပြည်တော်၊ဇေယျာသီရိမြို့နယ်တွင် ဆီဘောက်ဆာကား ၂ စီးနှင့်ခရီးသည်တင် (Express)ကားတို့ ဇန်နဝါရီ ၁၃ ရက်(ယနေ့)ညနေပိုင်းက တိုက်မိ၍ မီးလောင်မှုဖြစ်ပွားကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယနေ့ညနေ ၅ နာရီ၄၀ မိနစ်ခန့်က ဇေယျာသီရိမြို့နယ်၊ခေတ်အေးအုပ်စု၊မရင်းကြီးကျေးရွာရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း၏ မိုင်တိုင်အမှတ် ၂၃၇/၄ တွင် ဆီဘောက်ဆာကား ၂ စီးနှင့်ခရီး သည်တင်(Experss)ကား ၁ စီး(စုစုပေါင်း ၃ စီး) တိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်အား နေပြည်တော်အတွင်းရှိ မီးသတ်စခန်းများမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦးရှိခဲ့သဖြင့် နေပြည်တော်ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ သဗ္ဗသုခနာရေးကူညီမှုအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“မီးလောင်မှုဖြစ်စဥ်ကို ၁ နာရီကျော်ကြာအောင် ငြှိမ်းပေးခဲ့ရတယ် ဒဏ်ရာရတာ ၄ ယောက်ရှိပါတယ် မီးဝိုင်းငြှိမ်းနေတဲ့အချိန် ဒဏ်ရာရတဲ့လူနာရှိနေတဲ့အတွက် လူနာတင်ကားပေါ်အမြန်တင်ပြီး ဆေးရုံပို့ရတဲ့အတွက် ဘယ်ကလည်းဆိုတာကိုမမေးဖြစ်ဘူး”ဟု မီးဝိုင်းငြှိမ်းခြင်းနှင့်ကူညီကယ် ဆယ်ရေးပြုလုပ်ခဲ့သည့် လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here