Grand Royal အရက်ချက်စက်ရုံမီးလောင်မှုအား လက်ရှိအချိန်အထိ ငြှိမ်းသတ်နိုင်ခြင်းမရှိသေး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိ

0
270

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊လိပ်ပုတ်ကျေးရွာ အုပ်စု၊အမှတ်(၄)လမ်းမကြီးဘေးရှိ Grand Royal အရက်ချက်စက်ရုံတွင် ယနေ့နေ့လည် ၃ နာရီခွဲခန့်က စတင်၍ မီးလောင်မှုဖြစ်ပွားလျက်ရှိသည်။

မီးလောင်မှုဖြစ်စဥ်အား လက်ရှိအချိန်အထိ ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဗွိုင်လာအိုးပေါက်ကွဲမှုများလည်းဖြစ်ပေါ်လျက်ရှိကာ ဝိုင်းဝန်းငြှိမ်းသတ်ပေးလျက်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များတွင် ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ကျွန်မတို့သိရသလောက်ဆိုရင် အင်းစိန်ဆေးရုံကြီးကို ၂၈ ယောက်နဲ့ရန်ကုန်ဆေးရုံကြီးကို ၄ ယောက်ပို့ပေးထားရတယ်၊ လက်ရှိအချိန်အထိက ထိခိုက်မိတဲ့လူတွေရှိနေသေးတဲ့အတွက် ထိခိုက်ဒဏ်ရာရတဲ့လူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပါဘူး”ဟု ရွှေမေတ္တာလူမှုကူညီရေးပရဟိတအသင်းမှ မရွှေလဲ့ကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များမှာ အရေပြားအပူလောင်သည့် ဒဏ်ရာအများဆုံးရရှိခြင်းဖြစ်ကြောင်း သိရသည်။

“အခုချိန်ထိတော့လူနာတင်ကားတွေဆက်တက် နေတုန်းပဲရှိသေးတယ်၊ဗွိုင်လာတွေပေါက်တာလည်းရှိတယ်၊စက်ရုံကဝန်ထမ်းတွေထိခိုက်မှုရှိ၊မရှိဆိုတာကတော့ ကျွန်မတို့လည်းမသိဘူး “ဟု မရွှေလဲ့ကပြောသည်။

မီးလောင်မှုစတင်ဖြစ်ပွားချိန်တွင် မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့သော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် Level 2 အဆင့်၊ နေ့လည် ၃ နာရီ ၄၁ မိနစ်တွင် Level 3 အဆင့်တို့ဖြင့် မြို့နယ်အသီးသီးမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက လက်ရှိအချိန်အထိ ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

“မီးလောင်အားကပြင်းတယ် ပေါက်ကွဲတာတွေပါဖြစ်တော့ ပိုဆိုးတာပေါ့ အရေးပေါ်ကားတွေကော မီးသတ်ကားတွေကော ရာချီရောက်ပြီးဝိုင်းကူနေကြတယ် လမ်းမပေါ်မှာအပြည့်ပဲ ဒဏ်ရာရတဲ့လူတွေကို အရေးပေါ်ကားနဲ့တင်ခေါ်သွားတာတွေလည်းတွေ့တယ်”ဟု မှော်ဘီမြို့ခံတစ်ဦးကပြော သည်။

Photo-ရွှေမေတ္တာလူမှုကူညီရေးပရဟိတအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here