မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများအတွက် မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁)ဖွင့်လှစ်ပြီးချိန်၌ ထိုင်းဘတ်ငွေစာရင်းများဖွင့်လှစ်နိုင်ဟု ပြည်တွင်းဘဏ်အချို့ကြေညာ

0
248

ပြည်တွင်းရှိပုဂ္ဂလိကဘဏ်အချို့မှ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ကြာပိတ်ထားခဲ့ရာမှ ဇန်နဝါရီ ၁၂ ရက်ကပြန်လည်ဖွင့်လှစ်ပြီးချိန်၌ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများပြုလုပ်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ထိုင်းဘတ် ငွေစာရင်းများ စတင်ဖွင့်လှစ်နိုင်ကြောင်းအား CB Bank , AYA Bank , Yoma Bank , UAB Bank , MAB Bank တို့မှ အသိပေးကြေညာထားသည်။

ထိုသို့ ထိုင်းဘတ် ငွေစာရင်းဖွင့်လှစ်ရာတွင် CB Bank နှင့် AYA Bank တို့မှာ Bankok Bank Public Co.,Ltd(Yangon Branch) ၊ Yoma Bank နှင့် MAB Bank တို့မှာ Siam Commercial Bank Myanmar Limited ၊ UAB Bank မှာ Krung Thai Bank Public Company Limited တို့နှင့်ချိတ်ဆက်ထားကြကြောင်း သိရသည်။

ထိုင်းဘတ် ငွေစာရင်းဖွင့်လှစ်ထားပါက ဘတ်ငွေစာရင်းမှတစ်ဆင့် ထိုင်းဘတ်ငွေစာရင်းသို့တိုက်ရိုက်လွှဲပို့နိုင်ပြီး ထိုင်းနိုင်ငံမှငွေလွှဲလာပါက မိမိတို့၏ မြန်မာကျပ်ငွေစာရင်းသို့ တိုက်ရိုက်ထည့်သွင်းနိုင်ကြောင်း သိရသည်။

ထိုင်းဘတ် ငွေစာရင်းအား တာချီလိတ်ဘဏ်ခွဲ၊ မြဝတီဘဏ်ခွဲ၊ မြိတ်ဘဏ်ခွဲ၊ ကော့သောင်းဘဏ်ခွဲ၊ ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်တို့ရှိ သတ်မှတ်ထားသည့် ဘဏ်ခွဲများ၌ပြုလုပ်နိုင်ကာ Exchange Rate သတ်မှတ်ရာတွင် နေ့စဉ် ထိုင်းဘတ်/မြန်မာကျပ်ငွေ ဈေးကွက်အပေါ်မူတည်၍ သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့ အဲဒီငွေစာရင်းကိုမလုပ်ရသေးဘူး ဘဏ်တွေကကြေညာထားတာတော့တွေ့တယ် လိုအပ်ပါတယ် ဘဏ်ငွေစာရင်းဖွင့်ထားတဲ့အတွက်ကတော့ ကုန်စည်ကူးသန်းဖို့အတွက် အလွယ်တကူအဆင်ပြေသွားတာပေါ့ မြင်သာအောင်ပြောရမယ့်တစ်ချက်ဆိုရင် အရင်ကလို ပိုက်ဆံတွေအများကြီးသယ်ပြီး သွားစရာမလိုတော့ဘူးပေါ့”ဟု ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်နေသည့် ကုန်သည်တစ်ဦးကပြောသည်။

ထိုင်းဘတ် ငွေစာရင်းဖွင့်လှစ်ရာ၌ လိုအပ်သည့်အထောက်အထားစာရွက်စာတမ်းများနှင့်သတ်မှတ်ချက်များမှာ ငွေစာရင်းဖွင့်လှစ်နိုင်ကြောင်း အသိပေးကြေညာထားသည့် ဘဏ်များတစ်ခုနှင့်တစ်ခုမတူညီကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here