လစ်လပ်နေရာများတွင် ခန့်ထားရန် ဆရာဝန် (၂၀၀) ကို ဇန်နဝါရီ (၂၇) ရက် နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနခေါ်ယူ

0
253

ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနတွင် ဆေးပညာဘွဲ့(M.B.B.S)နှင့်သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S) လစ်လပ်ရာထူး ၂၀၀ နေရာအတွက် လျှောက်လွှာများခေါ်ယူလျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ဆရာဝန်(သစ်လွင်)ရာထူးအတွက် ဆေးပညာဘွဲ့ (M.B.B.S)ရရှိထားသူများအတွက် ၁၈၀ နေရာ၊ ဆရာဝန် (သွားနှင့်ခံတွင်း)ရာထူးအတွက် သွားဘက်ဆိုင်ရာဆေးပညာဘွဲ့(B.D.S)ရရှိထားသူများအတွက် ၂၀ နေရာ (စုစုပေါင်း ၂၀၀ နေရာ)အတွက်ခေါ်ယူလျက်ရှိသည်။

လျှောက်ထားလိုသူများသည် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ရန်ကုန်တိုင်း၊တာမွေမြို့နယ်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့(ရန်ကုန်ရုံးခွဲ)၊တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ရုံးများ၌ လျှောက်လွှာဝယ်ယူနိုင်ကြောင်း သိရသည်။

လျှောက်လွှာများအား လူကိုယ်တိုင်(သို့)စာတိုက်မှတစ်ဆင့် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ Online စနစ်ဖြင့် e-Recruitment and Selection System (e – RSS) (UCSB e-RSS Mobile Application နှင့် UCSB e-RSS Web Based)တို့အသုံးပြု၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူများသည် ကျန်းမာရေးကောင်းမွန်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး ပြင်ပပုဂ္ဂိုလ်များအနေဖြင့် ဇန်နဝါရီ ၂၇ ရက်တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သော မြန်မာနိုင်ငံဆေးကောင်စီမှ အသိအမှတ်ပြုခြင်းခံရသည့် သက်တမ်းကုန်ဆုံးခြင်းမရှိသေးသော အထွေထွေဆေးကုသခွင့်လိုင်စင်(ဆမ/သခ)ကိုင်ဆောင်ထားသူ(သို့)အလုပ်သင်ဆရာဝန် ပြီးမြောက်၍ လျှောက်ထားချိန်၌ အလုပ်သင်ဆရာဝန်ပြီးမြောက်ကြောင်း ထောက်ခံစာတင်ပြနိုင်သူဖြစ်ရမည်ဖြစ်ကာ မိတ္တူများအားလျှောက်လွှာနှင့်အတူပူးတွဲပေးပို့ရမည်ဖြစ်သည်။

ဆရာဝန်(သစ်လွင်/သွားနှင့်ခံတွင်း)ရာထူးအတွက် စတင်တာဝန်ထမ်းဆောင်သည့် ဆေးရုံတွင် သတ်မှတ်ကာလပြည့်အောင် တာဝန်ထမ်းဆောင်ပြီးပါက အခြားလုပ်ငန်းလိုအပ်ချက်ရှိသောဆေးရုံများသို့နေရာဒေသမရွေးသွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်ဖြစ်ကာ ဆေးပညာမဟာသိပ္ပံဘွဲ့လွန်စာမေးပွဲဖြေဆိုခွင့်အား ကျန်းမာရေးဝန်ကြီးဌာန၏ လုပ်သက်သတ်မှတ်ချက်နှင့်အညီဖြေဆိုခွင့်ပြုမည်ဖြစ်သည်။

လျှောက်လွှာတင်သွင်းသူများသည် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် မိမိတို့နှင့်သက်ဆိုင်သော အချက်အလက်များဖြည့်သွင်းကာ UCSB e-RSS Mobile Application ကိုအသုံးပြု၍ Google Play Stroe နှင့် Apple Store တို့မှတဆင့် Download ရယူ၍ အသုံးပြုရန်(သို့) UCSB e- RSS Web Based သုံး၍e-recruitment.ucsb.gov.mm သို့ ဝင်ရောက်ကာ မှတ်ပုံတင်ပြုလုပ်၍ စနစ်တွင် ကိုယ်ပိုင် Account တစ်ခုတည်ဆောက်ရမည်ဖြစ်သည်။

မှတ်ပုံတင်ပြုလုပ်ရာ၌ လျှောက်ထားသူ၏ ကိုယ် ပိုင် e-mail အားအသုံးပြုရမည်ဖြစ်ပြီး မြန်မာယူနီကုဒ် (ပြည်ထောင်စုစာလုံး Pyidaungsu Font) တစ်မျိုးတည်းကိုသာ အသုံးပြုရမည်ဖြစ်သည်။

ထို့ပြင် သတ်မှတ်စာမေးပွဲဝင်ကြေး ၅၀၀၀ ကျပ်အား Online Banking(သို့)Manual နည်းလမ်းနှစ်မျိုးဖြင့်ပေးသွင်းနိုင်ကာ Online Banking စနစ်ဖြင့်ပေးသွင်းရာ၌ CB Pay, Master, MPU, JCB, VISA တို့ဖြစ်သည့် payment method (၅)မျိုးဖြင့် ပေးသွင်းနိုင်သည်။

လျှောက်ထားသူများသည် လျှောက်လွှာနှင့်အတူ ချလန်၊အထွေထွေဆေးကုသခွင့်လိုင်စင်(ဆမ/သခ)၊ဘွဲ့လက်မှတ်၊အလုပ်သင်ဆရာဝန်ပြီးမြောက်ကြောင်းထောက်ခံစာ(ဘွဲ့လက်မှတ်မရရှိသေးသူများ)၊ဘွဲ့ နောက်ဆုံးနှစ်အမှတ်စာရင်း၊တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်၊အလုပ်သမားမှတ်ပုံတင်ကတ်ပြားနှင့်မှတ်ပုံတင်မိတ္တူများပူးတွဲတင်ပြရမည်ဖြစ်သည်။

သတ်မှတ်စာရွက်စာတမ်းမိတ္တူများ မပါသူများ၊လျှောက်လွှာပိတ်ရက်ကျော်လွန်၍စာမေးပွဲဝင်ကြေးပေးသွင်းသူများ၊လျှောက်လွှာပိတ်ရက်ကျော်လွန်တင်သွင်းသူများကို စနစ်မှ အလိုအလျောက် လက်ခံပေးမည်မဟုတ်ကြောင်း သိရသည်။

လျှောက်ထားသူများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေ ၁၅ အရ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းမပြုဘဲ စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းကိုသာ ဆောင်ရွက်မည်ဖြစ်ပြီး ဖြေဆိုရမည့်နေ့/ရက်များကို တစ်ဦးချင်းစီသို့ အကြောင်းကြားစာပေးပို့မည်ဖြစ်သည်

စုံစမ်းမေးမြန်းလိုပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ရုံးအမှတ်(၁၇)၊နေပြည်တော် ဖုန်း ၀၆၇-၃၄၀၉၀၅၂၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉ – ၄၂၀၇၀၆၆၀၅၊ ၀၉-၄၂၀၇၀၆၆၀၆၊ ၀၉-၇၉၇၇၂၇၆၉၆၊၀၉-၄၄၁၉၃၇၃၄၃ နှင့် ၀၉-၂၆၂၅၀၂၉၈၈ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here