ယူကရိန်းနိုင်ငံ နီပရိုမြို့ရှိ အဆောက်အအုံအား ရုရှားဒုံးကျည် ထိမှန်ခဲ့‌မှုကြောင့် လူ ၃၀ ဦး သေဆုံး

0
277

ယူကရိန်းနိုင်ငံ နီပရိုမြို့ရှိ လူနေအဆောက်အအုံတစ်ခုတွင် ရုရှားက ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်း ထိမှန်မှုကြောင့် သေဆုံးသူဦးရေမှာ ၃၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယူကရိန်းအရာရှိများက ဇန်နဝါရီလ ၁၅ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုမှာ စနေနေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၇၅ ဦး ဒဏ်ရာရရှိခဲ့ကာ ထိုထဲမှ လူ ၃၀ ဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း နီပရိုပတ်တရို ဒေသဆိုင်ရာ စစ်ဘက်အုပ်ချုပ်ရေး အကြီးအကဲ၏ အကြံပေးပုဂ္ဂိုလ် နာတာရှာ ဘာဘာချန်ကို က ယူကရိန်းမီဒီယာသို့ ပြောကြားခဲ့သည်။

အသက် ၉ နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် ဆေးရုံတင်ထားရသူများထဲမှ ၁၂ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေတွင် ရှိနေသည်ဟု ဘာဘာချန်ကို ကဆိုသည်။

ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လုပ်ဆောင်နေပြီး အပျက်အစီးများအောက်တွင် လူအယောက် ၄၀အထိ ကျန်ရှိနေနိုင်သေးသည်ဟု သူက ပြောသည်။

နီပရိုမြို့ရှိ အဆောက်အအုံအား ထိမှန်ခဲ့သော ဒုံးကျည်မှာ ပြီးခဲ့သည့်နှစ်က ယူကရိန်းအလယ်ပိုင်းရှိ လူသူစည်ကားသော ဈေးဝယ်စင်တာကို ထိမှန်ခဲ့သည့် Kh-22 အမျိုးအစားဖြစ်ပြီး ထိုဒုံးကျည်ကြောင့် တိုက်ခန်း ၇၂ ခန်း ပျက်စီးသွားကြောင်း သိရသည်။

ထိုသို့ ပျက်စီးမှုများရှိခဲ့သော်လည်း  သုံးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူပေါင်း ဒါဇင်နှင့်ချီ ကယ်ဆယ်နိုင်ခဲ့ကြောင်း သမ္မတ ဇလန်းစကီးက ပြောကြားခဲ့သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here