မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ထိုင်းဝန်ကြီးချုပ်နှင့်ဂျပန်အထူးသံတမန်တို့ဆွေးနွေး

0
499

မြန်မာနိုင်ငံ၌ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂျပန်အစိုးရ၏အထူးသံတမန်တစ်ဦးဖြစ်သကဲ့သို့ နိပွန်ဖောင်ဒေးရှင်း၏ ဥက္ကဌလည်းဖြစ်သူ မစ္စတာ ဆာဆာကာဝါယိုဟေးသည် ၎င်း၏ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး မစ္စတာပရာယွတ်ချန်အိုချာနှင့်တွေ့ဆုံခဲ့ကြောင်းသိရှိရသည်။

ယင်းသို့တွေ့ဆုံစဉ် ဝန်ကြီးချုပ်နှင့် မစ္စတာဆာဆာကာဝါတို့သည် မြန်မာနိုင်ငံအခြေအနေအပေါ် အပြုသဘောဆောင်သော အမြင်များဖလှယ်ခဲ့ကြပြီး အကြမ်းမဖက်ရေးကိုသာ သဘောတူညီခဲ့ကြသည်ဟုသိရသည်။

ငြိမ်းချမ်းရေးနှင့်ရင်ကြားစေ့ရေးတို့အတွက် နှစ်ဖက်စလုံးက ငြိမ်းချမ်းစွာညှိနှိုင်းဖြေရှင်းရေးကိုသာ ထောက်ခံအားပေးရန် သဘောတူညီခဲ့ကြကြောင်းလည်းဖော်ပြထားသည်။

ယင်းအပြင် ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးနှင့်ဒုတိယဝန်ကြီးချုပ် မစ္စတာ Don Pramudwinai နှင့်လည်းတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအတွက်ထပ်မံဆွေးနွေးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံ၏လက်ရှိအခြေအနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုများနှင့်ပတ်သက်ကာ ဆွေးနွေးခဲ့ကြကြောင်းလည်းဖော်ပြထားသည်။

ယခုတွေ့ဆုံမှုသည် မြန်မာနိုင်ငံ၌ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ပြန်လည်ရရှိရေးအတွက် ထိုင်းနိုင်ငံမှ ဆက်လက်လုပ်ဆောင်နေသော သံတမန်ရေးရာ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟုလည်းဖော်ပြထားသည်။

Ref 1 : အမ်အက်ဖ်အေ (ထိုင်း)

Ref 2 : ပတ္တယား‌မေးလ်


LEAVE A REPLY

Please enter your comment!
Please enter your name here