ထန်းတပင်မြို့နယ်၌ ယနေ့နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားစဥ် အသက်(၈)လအရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့

0
358

ပဲခူးတိုင်း၊တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်တွင် ဇန်နဝါရီ ၁၇ ရက်(ယနေ့)နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားစဥ် အသက်(၈)လအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့သည်ဟု မိသားစုဝင်များထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊ချောင်းဝကျေးရွာအုပ်စု၊ရွာသာယာကျေးရွာတွင် သေနတ်ပစ်ခတ်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် အသက်(၈)လအရွယ်ကလေးငယ်တစ်ဦးတွင် နဖူး၌ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျွန်မကအိမ်ထဲမှာရှိနေတဲ့အချိန် သေနတ်သံ တွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံတွေကြားလို့ ထွက်ကြည့်တာမှာ ကလေးကိုကျည်ဆံထိသွားတယ်ဆိုတာသိတာ ကလေးအမေက ကလေးကို ရင်ခွင်ထဲမှာပွေ့ချီထားပြီး ကွမ်းယာဆိုင်မှာထိုင်နေတဲ့အချိန်ဖြစ်သွားတာ”ဟု မိသားစုဝင်တစ်ဦးကပြောသည်။

ကလေးငယ်အား ကျည်ထိမှန်ခဲ့သဖြင့် Save The Trees Rescue Team လူမှုကူညီရေးအသင်းမှ ထန်းတပင်မြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီးနောက် တောင်ငူခရိုင်ပြည်သူ့ဆေးရုံသို့ထပ်မံပို့ဆောင်ပေးခဲ့ကြပြီး အရေးပေါ်အခြေအနေဖြစ်နေ၍ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးသို့ ထပ်မံပို့ဆောင်စဥ် ကလေးငယ်မှာသေဆုံးသွားခဲ့ကြောင်း သိရသည်။

“နေပြည်တော်ဆေးရုံရောက်တဲ့အချိန်ကလေးကအသက်မရှိတော့ဘူး အခုလက်ရှိ ကလေးကိုနေပြည်တော်ဆေးရုံမှာထားခဲ့ရတယ် ရဲကိစ္စဖြစ်တဲ့အတွက် ချက်ခြင်းပြန်ခေါ်သွားလို့မရဘူးလို့ ဆေးရုံကဆရာဝန်ကြီးတွေကပြောတယ်”ဟု မိသားစုဝင်ကပြောသည်။

ကလေးငယ်၏ ရုပ်အလောင်းအား ဇန်နဝါရီ ၁၈ ရက်(မနက်ဖြန်)နံနက် ၈ နာရီတွင် ခွဲစိတ်စစ်ဆေးသွားမည်ဖြစ်ကာ စစ်ဆေးမှုလုပ်ငန်းစဥ်များပြီးဆုံးပါက နေအိမ်သို့ပြန်လည်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာတော့ ကလေးရဲ့ အဖေနဲ့အမေကျန်ခဲ့တယ် အခုပြန်ကြားရသလောက်ဆိုရင် မနက်ကပစ်ခတ်မှုဖြစ်တော့ လက်ရှိကျေးရွာ ဥက္ကဋ္ဌရယ် အရင် ဥက္ကဋ္ဌဟောင်းရယ်လည်း သေသွားတယ်လို့ပြန်ကြားရတယ်”ဟု မိသားစုဝင်တစ်ဦးကပြော သည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here