ရွှေတိဂုံစေတီ ရွှေချလုပ်ငန်းလုပ်ဆောင်ရန် ရွှေရာဆိုင်း ၂၄၀၀၀ ဝယ်ယူရန် ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူ

0
498

၂၀၂၃ ခုနှစ် အတွင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်ကြီးတွင် ရွှေချခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရွှေဆိုင်းများ ဝယ်ယူရန် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချလိုသူများ တင်ဒါလျှောက်ထားနိုင်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

အဆိုပါ ရွှေချခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့အနေဖြင့် စက်မှုရွှေရာဆိုင်း (၁၀၀၀၀) နှင့် မြန်မာ့ရိုးရာ လက်မှုရွှေရာဆိုင်း (၁၄၀၀၀) ကို ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဝယ်ယူမည့် ရွှေဆိုင်းများမှာ (၂) လက်မ ပတ်လည် အရွယ်အစားရှိသည့် ရွှေဆိုင်းများဖြစ်ပြီး ရောင်းချလိုသူများအနေဖြင့် တင်ဒါလျှောက်လွှာများကို ဇန်နဝါရီလ (၂၃) ရက်မှ (၂၇) ရက်အထိ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးတွင် တစ်စောင်လျှင် (၁၀၀၀၀) ကျပ်ဖြင့် လာရောက်ဝယ် ယူနိုင်ကြောင်းလည်း သိရသည်။

ဂေါပကအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ မြန်မာ့ရိုးရာ လက်မှု ရွှေဆိုင်းများကို လာမည့် ဖေဖေါ်ဝါရီလ (၁၄) ရက် နေ့လယ် (၁) နာရီခွဲတွင် ရွှေတိဂုံစေတီရင်ပြင်တော်တောင်ဘက်ရှိ ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များဆောင်းတန်းတွင် တင်ဒါဖွင့်ဖောက်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စက်မှုရွှေဆိုင်းတင်ဒါများကို ဖေဖေါ်ဝါရီလ (၁၄) ရက် မွန်းလွဲ (၃) နာရီတွင် အဆိုပါနေရာ၌ပင် တင်ဒါဖွင့်ဖောက်ရွေးချယ်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ရွှေဆိုင်းများ ဈေးပြိုင်တင်ဒါစနစ်ဖြင့် ဝယ်ယူခြင်းအစီအစဉ်အား အသေးစိတ်သိရှိလိုပါက ဂေါပကအဖွဲ့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here