ထိုင်းနိုင်ငံတွင် မလေးရှားနိုင်ငံသို့သွားရောက်မည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီးဖမ်းဆီးခံခဲ့ရ

0
261

ထိုင်းနိုင်ငံ၊ဖထလွန်ခရိုင်တွင် ဇန်နဝါရီ ၁၈ ရက် (ယနေ့)နံနက်ပိုင်းက တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများလိုက်ပါလာသည့် ပစ်ကပ်ကားတိမ်းမှောက်ပြီး မြန်မာနိုင်ငံသားများ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ဖထလွန်ခရိုင်ရှိ ဖထလွန်-ဟတ်ယိုင်သွား အာရှလမ်းမကြီး၏ မူ ၅ ထာ့ခဲကျေးရွာ အုပ်စုအနီးတွင် Isuzu(အဖြူရောင်)ပစ်ကပ်ကားတစ်စီးသည် လမ်းမအလယ်၌တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ဖထလွန်မြို့ရဲစခန်းမှတာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများမှ ကူညီကယ်ဆယ်ရေးပြုလုပ်ရန်သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသောကား တိမ်းမှောက်ရာတွင် ကားပေါ်တွင်လိုက်ပါလာ​သည့်လက်ကျိုးသွား​သော မြန်မာနိုင်ငံသားတစ်ဦးအားတွေ့ရှိခဲ့ရသည်။

ဒဏ်ရာရရှိထားသည့် မြန်မာနိုင်ငံသားအား လူမှုကူညီရေးအသင်းဝင်များက ဖထလွန်မြို့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များက ဖြစ်စဥ်အားစုံစမ်းစစ်ဆေးရာ ကားပေါ်တွင်လိုက်ပါလာသူအချို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိရေးအတွက် ဖထလွန်မြို့ရဲစခန်းမှတာဝန်ရှိသူများက ဆောင်ရွက်ခဲ့ရာ ကားတိမ်းမှောက်သည့်နေရာနှင့် မီတာ ၅၀၀ ခန်းအကွာရှိ မြောင်းအတွင်း၌ပုန်းနေသော မြန်မာနိုင်ငံသား ၂၈ ဦးအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ မြန်မာနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့သွားရောက်ရန် ထိုင်းနိုင်ငံမှဖြတ်သန်းစဥ် ဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ပစ်ကပ်ကားမောင်းသူမှာ ကားအားထား၍ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here