သင်္ဃန်းကျွန်းတွင် အိမ်ရှင်များ အပြင်သွားနေခိုက် နေအိမ်တိုက်ခန်းသော့အားဖျက်ကာ ကျောက်စိမ်း၊ ဖုန်းနှင့် လပ်တော့ပ်များ ခိုးယူမှုဖြစ်ပွား

0
328

ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် ရပ်ကွက်တွင် အမျိုးသား (၄) ဦးက ဇန်နဝါရီ (၁၇) ရက်နေ့လည်ပိုင်းကငွေကျပ် (၂၅) သိန်းခန့်တန်ဖိုးရှိ ပစ္စည်းများအား ခိုးယူသွားခဲ့ကြကြောင်း သိရသည်။

ယင်းနေ့နေ့လည်ပိုင်းက အမည်၊ အသက်၊ နေရပ်လိပ်စာ (စုံစမ်းဆဲ)အမျိုးသား (၄) ဦးသည် သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ်ရပ်ကွက်၊ အောင်ဇေယျ(၅)လမ်းရှိ တိုက်ခန်းတစ်ခန်း၏ နေအိမ်သော့အားဖျက်၍ ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်မှာဘယ်သူမှမရှိတဲ့အချိန်ကို ဝင်ခိုးသွားကြတာပေါ့ မွှေနှောက်ရှာဖွေပြီးယူသွားကြတာ ရဲတပ်ဖွဲ့ကတော့ ခိုးမှုကျူးလွန်တယ်လို့ ယူဆရတဲ့လူ (၄) ယောက်ရဲ့ CCTV မှတ်တမ်းကို စစ်ဆေးနေတယ်။ အမှုဖွင့်ထားတယ်လို့သိရတယ်”ဟု ရန်ကုန်သစ် ရပ်ကွက်နေသူတစ်ဦးက ပြောသ ည်။

အဆိုပါ အမျိုးသား (၄) ဦးသည် နေအိမ်သော့အားဖျက်ဆီးပြီးနောက် နေအိမ်အတွင်းရှိ ငွေကျပ် (၁၇) သိန်းတန်ဖိုးရှိ လပ်တော့ပ်၊ ဖုန်း(အဟောင်း) (၃) လုံးနှင့် ကျောက်စိမ်းအလုံးသေးအချို့ (စုစုပေါင်း ငွေကျပ် ၂၅ သိန်းခန့်)တန်ဖိုးရှိ ပစ္စည်းများအား ယူဆောင်သွားခဲ့ကြကြောင်း သိရသည်။

“အဲဒီအိမ်မှာ (၃) ယောက်နေတယ် လင်မယား (၂) ယောက်က အလုပ်သွားနေတဲ့အချိန် ကျန်ခဲ့တဲ့အဘွားတစ်ယောက်ကလည်း အပြင်သွားနေတဲ့အချိန် ဝင်ခိုးသွားတာလို့ပြောကြတယ်”ဟု ရန်ကုန်သစ်ရပ်ကွက် နေသူတစ်ဦးက ပြောသည်။

ဖြစ်စဥ်အား ရဲတပ်ဖွဲ့ဝင်များက အမှုဖွင့်လှစ်ထားကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ရရှိထားသည့် CCTV မှတ်တမ်းအား စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here