MoU အလုပ်သမားများအတွက် ဗီဇာကြေး လျှော့ချရန်နှင့် အထောက်အထားမဲ့ မြန်မာများကို ယာယီနေထိုင်ခွင့်ကတ်ထုတ်ပေးရေး ထိုင်းနှင့် မြန်မာဆွေးနွေး

0
205

ထိုင်းနိုင်ငံရောက် MOU လုပ်သားများအတွက် ဗီဇာကြေးများ လျှော့ချပေးရေး၊ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအား ယာယီနေထိုင်ခွင့် ပန်းရောင်ကတ်ထုတ်ပေးရေး ကိစ္စရပ်များ အပါအဝင် ထိုင်းရောက်မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍ ထိုင်းနှင့် မြန်မာတို့အကြား ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Mongkol Viststump တို့ ဇန်နဝါရီ (၁၈) ရက် မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက ယခုတွေ့ဆုံခြင်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများနှင့်ရပိုင်ခွင့်များ၊ အလုပ်သမားစေလွှတ်ခြင်းနှင့် နှစ်နိုင်ငံ MoU စနစ်ဖြင့် ဆောင်ရွက်မည့် ကိစ္စများအတွက် အထောက်အပံ့ဖြစ်မည်ကို ယုံကြည်သည်ဟု ပြောသည်။

ထို့ပြင် ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် အလုပ်သမား သံအရာရှိများနှင့်ညှိနှိုင်းဆွေးနွေးရေး၊ MoU စနစ်ဖြင့်စေလွှတ်သည့် အလုပ်သမားများအတွက် ဗီဇာကြေးလျှော့ချပေးနိုင်ရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာနားလည်မှုစာချွန်လွှာ(Memorandum of Underst – and ing on Labour Corporation) နှင့် အလုပ်သမားများ အလုပ်ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ် (Agreem ent on the Employment of Workers) သက်တမ်းတိုးလက်မှတ်အမြန်ရေးထိုးရေး၊ MoU အလုပ်သမားများအား လေကြောင်းလိုင်းမှတဆင့်စေလွှတ်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထိုင်းနိုင်ငံရှိ MoU သက်တမ်း ၄ နှစ်ပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နိုင်ငံကူးလက်မှတ်စာအုပ်သက်တမ်းတိုးအသစ်ထုတ်ပေးရေးနှင့်ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့်ကိစ္စနှင့် ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့မြန်မာအလုပ်သမားများကို ယာယီနေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) များထုတ်ပေးခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here