တရုတ်မှ ပြန်လည် ဝင်ရောက်လာသည့် ပြည်တော်ပြန် ၁၀၀ ကျော်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသူ (၃) ဦးတွေ့

0
181

ဇန်နဝါရီ (၁၈) ရက်တွင် တရုတ်နိုင်ငံ ရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် (၁၀၀) ကျော်တွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံထားရသူ (၃) ဦးတွေ့ရှိခဲ့ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းများ ထံမှ သိရသည်။

ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ တရုတ် – မြန်မာ နယ်စပ်ဂိတ် ဖြစ်သည့် မူဆယ် – ကျယ်ခေါင်နယ်စပ် နန်းတော်ဂိတ်မှ နေရပ်ပြန် မြန်မာနိုင်ငံသား (၁၅၀) ဝန်းကျင် ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

” ပြည်တော်ပြန်တွေကို တရားဝင် ပြန်လက်ခံတော့ မနေ့က လွှဲလာတာ လူ (၁၀၀) ကျော်မှာ ဒီဘက်မှာ ကိုဗစ် စစ်လိုက်တော့ လူ (၁၀၀) ကျော်မှာ အမျိုးသမီး (၃) ယောက် သွားတွေ့တယ်။ အဲဒီ အမျိုးသမီး (၃) ယောက်ကို ကျွန်တော်တို့ ၁၀၅ မိုင်မှာ ကုတင် ၁၀၀၀ ကိုဗစ်စင်တာ ရှိတယ်လေ။ အဲဒီကို ပို့ပြီးတော့ ကုသမှု ခံယူစေတယ်ပေါ့ ” ဟု မူဆယ်မြို့အခြေစိုက် ကမ်းလက်ကူညီပရဟိတအသင်းမှ ဦးစိန်လှအောင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ (၈) ရက်နံနက်ပိုင်းတွင် တရုတ်နိုင်ငံဘက်မှ နယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်ပေးပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရ၏သဘောတူညီမှုဖြင့် နေရပ်ပြန်များ ပြန်လည် လက်ခံပေးနေပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၁၄) ရက်ကလည်း နေရပ်ပြန် မြန်မာနိုင်ငံသား (၁၄၀) ကျော် ပြည်တော်ပြန်ဝင်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ၊ လဝက ကိစ္စများ စစ်ဆေးကာ မိမိတို့၏နေရပ်များသို့ ပြန်လည်ထွက်သွားပြီးဖြစ်ကြောင်း သိရသည်။

” အားလုံးပေါင်းဆိုရင် လူ (၃၀၀) ကျော်ပြီပေါ့။ ပထမ တသုတ်က (၁၄၀) ကျော် ပြန်ဝင်လာတယ် ။ မနေ့ကလည်း ၁၀၀ ကျော်ပေါ့နော်။ မနေ့ကဟာတော့ အတိအကျတော့ မသိလိုက်ဘူးဗျ” ဟု ဦးစိန်လှအောင်က ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်အခြမ်းမှ မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာမည့် ပြည်တော်ပြန်များကိုသာ သံတမန်နည်းအရ လက်ခံပေးနေပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများဝင်ရောက်ရန် ခွင့်မပြုထားသေးကြောင်း သိရသည်။

တရုတ်အစိုးရက ဇန်နဝါရီ (၈) ရက်မှ စတင်ကာ ဆင်ဖြူ ၊ နန်းတော်နှင့် မန့်ဝိန်းဂိတ်များကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာဘက်တွင် လိုအပ်သည့် နယ်စပ်ဖြတ်ကျော်ခွင့်ဆိုင်ရာ ကိစ္စများ ဆောင်ရွက်ရန် အဆင်သင့်မဖြစ်သေးသည့်အတွက် ဖွင့်လှစ်ခြင်း မရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မူဆယ်ဘက်အခြမ်းမှ မန့်ဝိန်းဂိတ်ကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး (၆) ဘီး ကုန်တင်ယာဉ်များ ယာဉ်တစ်စီးလျင် ယာဉ်မောင်းတစ်ဦးနှုန်းဖြင့် ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်အခြမ်းမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်ဝင်လာမည့် နေရပ်ပြန်များလည်း အများအပြားရှိနေပြီး မြန်မာနိုင်ငံဘက်ခြမ်းမှ တရုတ်ပြည်ဘက်သို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများလည်း အမြောက်အများ ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိတွင် ယမန်နေ့က ပြန်လည်ဝင်ရောက်လာသည့် ပြည်တော်ပြန်များထဲမှ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး (၃) ဦးကို မူဆယ် ၁၀၅ မိုင်ရှိ ကုတင် ၁၀၀၀ ဆေးရုံတွင် အသွားအလာ ကန့်သတ်ထားရှိကာ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here