ထိုင်းနိုင်ငံ၌ ဆီတင်သင်္ဘောပေါက်ကွဲမှုဖြစ်စဥ်တွင် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများနစ်နာကြေးအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၈ သိန်းကျော်စီရရှိ

0
297

ထိုင်းနိုင်ငံ၊ စမုဆွန်ခါခရိုင်၊ စမုဆွန်ခရာမြို့ရှိ မဲခေါင်မြစ်ခွဲအတွင်း၌ ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘောပေါက်ကွဲမှုဖြစ်စဥ်၌ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ၇ ဦး နစ်နာကြေးအဖြစ် တစ်ဦးလျှင် ထိုင်းဘတ် ၈ သိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

ဆီတင်သင်္ဘောသည် ပြုပြင်ရန်ဆိုက်ကပ်ထားစဥ် ဇန်နဝါရီ ၁၇ ရက်ကပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၇ ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသားများလည်း ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဦးလျှင် နာရေးပြုလုပ်ရန် ဘတ် ၅၀၀၀၀၊ အလုပ်ခွင်အတွင်းသေဆုံးမှုကြောင့် လူမှုဖူလုံရေးနစ်နာကြေး ဘတ် ၇၇၀၉၅၂ (စုစုပေါင်း ဘတ် ၈၂၀၉၅၂ )အား ၎င်းတို့၏ မိသားစုဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူများ၏ ပင်စင်ကြေးများကိုလည်း အလုပ်လုပ်ကိုင်သည့် နှစ်အလိုက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဆီတင်သင်္ဘောပေါက်ကွဲမှုဖြစ်စဥ်၌ ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက်နေရသည့် မြန်မာနိုင်ငံသားများကိုလည်း ဆေးရုံမှတ်တမ်းများအရ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူများအား နစ်နာကြေးအဖြစ် လုပ်အားခ ၁၀ နှစ်စာ၊အနည်းငယ်ထိခိုက်မိသူများအား နစ်နာကြေးအဖြစ် လုပ်အားခ၏ ၇၀ ရာခိုင်နှုန်းအား ၁ နှစ်စာ ခံစားခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့မှ သံအမတ်ဦးသန်းထွေးမှလည်း သေဆုံးသွားခဲ့သည့် အလုပ်သမားများ၏ မိသားစုဝင်များကို ဇန်နဝါရီ ၁၈ ရက်ကသွားရောက်တွေ့ဆုံခဲ့ပြီး သံရုံးအနေဖြင့် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၅၀၀၀ စီအားထောက်ပံ့ပေးခဲ့သည်။

ပြုပြင်ရန်ဆိုက်ကပ်ထားသည့် ဆီတင်သင်္ဘော Smoosh Sea C22 အား မြန်မာနိုင်ငံသားများပါဝင်သည့် အလုပ်သမား ၃၀ ဦးခန့်က ဆီပိုက်လိုင်းများဂဟေဆော်စဉ် ပိုက်လိုင်းများအတွင်းရှိဆီလက်ကျန်များမှတစ်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here