ငပလီလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်

0
278

ရခိုင်ပြည်နယ် ၊ သံတွဲမြို့နယ်အတွင်းတည်ရှိသည့်ရှိ ငပလီလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ်အဆင့်မြှင့်တင်နိုင်ရန် နိုင်ငံတော် အစိုးရက စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ဇန်နဝါရီ ၂၀ ရက်မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအား တွေ့ဆုံစဥ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငပလီလေဆိပ်အား အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက ခရီးသွားလုပ်ငန်းအတွက် ပိုမိုအထောက်အကူပြုနိုင်၍ လေဆိပ်အားအဆင့်မြှင့်တင်နိုင်ရန် နိုင်ငံတော်မှ စီမံဆောင်ရွက်သွားမည်ဟု ဆိုသည်။

လေကြောင်းလိုင်းများ အမြဲမပြတ်ပြေးဆွဲစေရေးအတွက် ခရီးသွားလုပ်ငန်းဆောင်ရွက်နေသူများနှင့် လေကြောင်းလိုင်းလုပ်ငန်းဆောင်ရွက်နေသူများ ညှိနှိုင်းဆောင်ရွက်ရန်လိုသည်ဟု ဆိုသည်။

သံတွဲမြို့နယ်အတွင်းရှိ ဟိုတယ်နှင့်လုပ်ငန်းရှင်များမှ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များအားအသီးသီးဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍လည်း ဖြည့်စွက်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများအားလုံး ကိုဗစ်(၁၉)ကာကွယ်ဆေးများ စနစ်တကျထိုးနှံထားရန်လိုကာ ခရီးသွားလုပ်ငန်းများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ထို့အတူ ငပလီဒေသအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် သူဋ္ဌေးရေအားလျှပ်စစ်စီမံကိန်းအား ယခင်ကပင် အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုများဖြစ်ပေါ်ခဲ့၍ ယခုအခါ အဆိုပါ စီမံကိန်းအား အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“လက်တလောလျှပ်စစ်မီးလိုအပ်ချက်ကို နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်သုံးစွဲခြင်းနဲ့ အထောက်အကူပြုနိုင်သလို စပါးခွံသုံး Gastifier စနစ်နဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာ လေအားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ခရီးသွားလုပ်ငန်းသည် တည်းခိုရေးတစ်ခုတည်းသာမက များစွာကျယ်ပြန့်၍ အခြားကဏ္ဍများဖြင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆောင်ရွက်ကာ တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here