ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်မည်

0
200

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်ကပြုလုပ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးအားဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်လာစေဖို့အတွက်အခြေခံအကျဆုံးဖြစ်ပြီး တိကျမှန်ကန်တဲ့ လူဦးရေနဲ့လူမှုစီးပွားရေးအခြေအနေတွေကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိရရှိနိုင်ဖို့ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြော သည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နစက က လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်သွားကြရမည်ဟု မှာကြားသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်ဖြစ်ကြောင်း ၎င်းကဆိုသ ည်။

ထို့အပြင် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်နိုင်ရန်၊ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်အတွက်လည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

“သန်းခေါင်စာရင်းကရရှိလာတဲ့ အချက်အလက်တွေဟာ နိုင်ငံတော်အစိုးရ၊ဝန်ကြီးဌာနအားလုံး၊တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ပြည်သူပြည်သားအားလုံးနဲ့သက်ဆိုင်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ရရှိလာသည့် ရလဒ်များသည် နိုင်ငံတော်အဆင့် အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များဖြစ်၍ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်အား နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်အောင်ဆောင်ရွက်သွားရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here