AFF Shopee Cup 2024-2025 ၏ အုပ်စု(A)ပွဲစဉ်တွင် ပြည်တွင်းချန်ပီယံ ကလပ်အသင်း တစ်သင်းဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် တီရန်ဂါနူး(မလေးရှား) အသင်းတို့ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အဆိုပါ ပွဲစဉ်ကို ဇန်နဝါရီ(၈)ရက်၊ ညနေ(၆)နာရီအချိန်တွင် သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး၊ ဇန်နဝါရီ(၇)ရက် ညနေ(၅)နာရီခွဲအချိန်တွင် ရန်ကုန်မြို့သုဝဏ္ဏဘောလုံးကွင်း သတင်းစာ ရှင်းလင်းပွဲခန်းမ၌ ပွဲကြိုသတင်းစာကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမတိုင်မီ ညနေ (၄)နာရီတွင် ရှမ်းယူနိုက်တက်အသင်း၏ Official Training ပြုလုပ်မည်ဖြစ်ပြီး ညနေ (၆) နာရီအချိန်တွင် မလေးရှားကလပ် တီရန်ဂါနူးအသင်းကလည်း Official Training ပြုလုပ်သွားမည်ဖြစ်သည်။
သတင်းရယူလိုသူ မီဒီယာများအနေဖြင့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်သတင်းရယူနိုင်မည့်အပြင် ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းတို့၏ Official Training ကိုပါ (၁၅မိနစ်)စီ သတင်းရယူ/ ဓါတ်ပုံရိုက်ကူးခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ရာ မီဒီယာများအနေဖြင့် ယခင် ထုတ်ပေးထားသည့် AFF Shopee Cup 2024-2025 မီဒီယာဝင်ခွင့်ကတ်ပြားများ ယူဆောင်လာရန်လိုအပ်မည်ဖြစ်ပြီး မီဒီယာဝင်ခွင့်က တ် လျောက်ထားရခြင်း မရှိသေးသည့် မီဒီယာများအနေဖြင့်လည်း သတင်းစာရှင်းလင်းပွဲအပြီးတွင် ဝင်ခွင့်ကတ်များ ဆက်လက်လျောက်ထားနိုင်မည်ဖြစ်ကြောင်း MFF က အသိ ပေးထားသည်။