ယနေ့ ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကို မည်သူမျှမဆို လာရောက်ကူညီနိုင်ရန် နစက ဥက္ကဋ္ဌပြော
ယနေ့ မတ် ၂၈ ရက်မွန်းတည့်က နေပြည်တော်အပါ အဝင် တိုင်းနှင့်ပြည်နယ်အချို့၌ အင်အားရစ်(ခ်) တာစကေး(၇ ဒသမ ၇)အဆင့်ရှိ အင်းအားပြင်းထန်သောငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လတ်တလောအ ချိန်အထိ သေဆုံးသူ(၁၄၄)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ(၇၃၂)ဦးရှိနေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့၍ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ နေပြည်တော်တို့တွင်ပျက်စီးမှုများပြားခဲ့ပြီး လက်ရှိအချိန်အထိ နေပြည်တော်တွင်(၉၆)ဦး၊ စစ်ကိုင်းမြို့တွင်(၁၈)ဦး၊ ကျောက်ဆည်မြို့တွင် (၃၀)ဦး (စုစုပေါင်း ၁၄၄ ဦး)သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှုများအနေဖြင့် နေပြည်တော်တွင် (၄၃၂)ဦး၊ စစ်ကိုင်းမြို့တွင်(၃၀၀)ဦးနှင့် ကျောက်ဆည်မြို့မှာစိစစ်ဆဲဖြစ်၍ စုစုပေါင်း ထိခိုက်ဒဏ်ရာရရှိသူ(၇၃၂)ဦးရှိသည်ဟု ပြောသည်။
” သေဆုံးမှုနဲ့ဒဏ်ရာရရှိမှုကတော့ ဒီထက်တိုးလာစရာရှိပါတယ်။ တချို့နေရာတွေမှာလည်း တိုက်တွေပြိုကျတဲ့အတွက် ဒီတိုက်တွေကိုပြန်ပြီးတော့မှ ဆယ်တင်ရေးလုပ်ငန်းတွေကို ကျွန်တော်တို့လုပ်နေဆဲဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းရောက်ရှိကြည့်ရှုပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြော သည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် သဘာဝဘေးကြောင့်ဖြစ်လာသည့် ငလျင်ဒဏ်ကယ်ဆယ်ရေး လုပ်ငန်းများကို ကျယ်ပြန့်စွာလုပ်ဆောင်ရန်ရှိ၍ တတ်နိုင်သလောက်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် နစက ဥက္ကဋ္ဌက မေတ္တာရပ်ခံပြောကြားသည်။
ထို့ပြင် ငလျင်ဒဏ်ကြုံတွေ့ခဲ့ရသည့် ဒေသများအား လုံးကို အရေးပေါ်အခြေအနေကြေညာထားပြီးဖြစ်ကာ ပြည်ပအကူအညီများပေးနိုင်ရန်လည်း အကုန်လမ်းဖွင့်ပေးထားပြီးဖြစ်၍ မကြာသေးမီကပင် AHA စင်တာနှင့် အိန္ဒိယနိုင်ငံတို့မှ မတ် ၂၉ ရက်(မနက်ဖြန်)တွင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများပေးပို့ရန်ကမ်းလှမ်းလာသဖြင့် ခွင့်ပြုထားပြီးဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်းမဆို မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင်လူ မိဘပြည်သူ မည်သူမျှမဆို လာရောက်ကူညီနိုင်ရန် မိမိအနေဖြင့် ဖိတ်ကြားလိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။