စားအုန်ဆီကို (Door to Door) စနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် Call centre မှတဆင့် စားအုန်းဆီမှာယူသူ (၁၀၀၀၀၀) အထိ အမှာစာရရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
” စက်မှုဇုန်မှာလုပ်တဲ့ ဝန်ထမ်းတွေ အဆင်ပြေပြေဝယ်ယူနိုင်ဖို့အတွက် အိမ်တိုင်ရာရောက် စားအုန်းဆီရောင်းချတဲ့စနစ်ကို အကောင်အထည်ဖော်ပါတယ်။ စားအုန်းဆီကို စားသုံးသူတွေရဲ့လက်ထဲ လက်ဝယ်ဖြန့်ဖြူးမှုက စမ်းသပ်ကာလမှာ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့စားသုံးသူတွေကအဆင်ပြေစေဖို့အတွက် ဆီဝယ်ယူခွင့်စာအုပ်နဲ့ ဖြန့်ဖြူးရောင်းချပါတယ်။ ဒီစနစ်က အင်မတန်အဆင်ပြေတဲ့စနစ်ပါ” ဟု ၎င်းကဆိုသည်။
စားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးလျက်ရှိရာ တစ်ရက်လျှင် ဆက်သွယ်ဝယ်ယူသူ (၁၀၀၀၀၀) အထိအမှာစာရရှိပြီး နေ့စဉ် အိမ်ထောင်စု (၆၀၀၀) ဝန်းကျင်အထိ ပို့ဆောင်ပေးလျက်ရှိကာ တစ်လလျှင် တစ်သိန်းခွဲထိ ပို့ဆောင်ပေးနေကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများကို အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းပြီး စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန် အခက်အခဲရှိသော အိမ်ထောင်စုများ၊ စားအုန်းဆီကို လျင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် ၊ ဇူလိုင် (၃၁) ရက် တွင် စတင်ရောင်းချပေးခဲ့ခြင်းဖြစ်သည်။