DKBA စစ်ဦးစီးဋ္ဌာနမှူး ဗိုလ်ချုပ် စောမူးခိုချော ကွယ်လွန်ခြင်းအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့
ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၏ စစ်ဦးစီးဋ္ဌာနမှူး ဗိုလ်ချုပ် စောမူးခိုချော ကွယ်လွန်ခြင်းအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့၊ဦးဆောင်မှုကော်မတီ(PPST-LC)က ၀မ်းနည်းကြောင်း သဝဏ်လွှာပေးပို့ တစ်စောင်ကို ယနေ့ ဇူလိုင် ၁၄ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
စစ်ဦးစီးဋ္ဌာနမှူး ဗိုလိချုပ် စောမူးခိုချောသည် ဇူလိုင် ၁၂ ရက်နေ့တွင် နော်ဝေးနိုင်ငံ၌ ဒေသစံတော်ချိန် ၁၁နာရီ ၁၀ မိနစ်အချိန်တွင် ခရစ်တော်၌အိပ်စက်အနားယူသွားခြင်းဖြစ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြထားပြီး ကွယ်လွန်ချိန်တွင် အသက် (၆၈ )နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်စောမူးခိုချောသည် NCAစာချုပ် ချုပ်ဆိုရေး ဆွေးနွေးစဉ်ကပင် DKBA ကိုယ်စားပြု၍ ပါ၀င်ခဲ့သူ တစ်ဦးဖြစ်ပြီး ၊ ၎င်းသည် ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့အစည်းများ စည်းလုံးညီညွှတ်ရေး ကော်မတီတွင်လည်း ပါ၀င်ခဲ့သူတစ်ဦးဖြစ်သည်။
၎င်းအနေဖြင့် ကရင်အမျိုးသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားစည်းလုံးညီညွှတ်ရေးအတွက် တတ်စွမ်းသမျှကြိုးစားအားထုတ်ခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယနေ့ကာလကဲ့သို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် ကြီးမားသည့် နိုင်ငံရေးအကြပ်အတည်းကြုံ တွေ့နေရချိန်နှင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပန်းတိုင်သို့ လျှောက်လှမ်းနေချိန်အတွင်း ကွယ်လွန်သွားခြင်းသည် NCA-S EAO များအတွက် အစားထိုးမရသည့် ဆုံးရှုံးမှု တစ်ရပ်ဖြစ်ကြောင်း သဝဏ်လွှာတွင် ရေးသားဖော်ပြထားသည်။