ရန်ကုန်လေဆိပ်တွင် စတင်ပြေးဆွဲနေသည့် EV တက္ကစီ၏ အုံနာခမှာ တစ်ရက်လျှင် ၃၀၀၀၀ ဖြစ်သည့်အတွက်ခက်ခဲနေရကြောင်း အငှားယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
“ ဆီကားဆိုရင် အုံနာခက ၁၈၀၀၀၊ဂတ်စ်ကားဆိုရင် အုံနာခက ၂၀၀၀၀ ပေါ့။ အခု EV ကားက ၃၀၀၀၀ ဆိုတော့ အဆင်မပြေဘူး။ အခုတောင် စီးတဲ့ခရီးသည်နည်းသွားလို့ ကားတောင်သိပ်မဆွဲရဘူး။ အုံနာခတောင် မနည်းရှာနေရတယ်။ ဆီဈေးတွေကတက်၊ ဂတ်စ်ကားတွေဆိုရင်လည်း ဂတ်စ်မရကြဘူးလေ။ EV တက္ကစီကိုမောင်းဖို့ဆိုတာ လတ်တလောမလွယ်လှဘူး”ဟု အငှားယာဉ်မောင်း ကိုလှိုင်ဝင်းက ပြောသည်။
ယင်းအပြင် ကုမ္ပဏီနှစ်ခုမှ အိမ်စီးလျှပ်စစ်ယာဉ်အစီး ၄၀ တင်သွင်းထားပြီး ယင်းမှ ရန်ကုန်လေဆိပ်တွင် ၁၀ စီး၊ နေပြည်တော်သပြေကုန်းဈေးတွင် ၁၀ စီး တက္ကစီအဖြစ် စတင်ပြေးဆွဲနေပြီဖြစ်သည်။
“ ကျွန်တော်တို့က မီတာတွေဘာတွေနဲ့မဟုတ်ဘူး။ ပုံမှန်ဆွဲသလိုပဲ။ အစိုးရလည်းဆွဲတာမဟုတ်ဘူး။ တက္ကစီယာဉ်မောင်းက ဝယ်စရာမလိုဘူး။ အုံနာကသက်သက်။ ယာဉ်မောင်းကသက်သက်” ဟု Farmer Auto Showroom မှ Chief Executive Officer ဒေါက်တာစိုးထွန်းက ပြောသည်။
ယင်းအပြင် တရုတ်နိုင်ငံ ဝူဟန်မြို့အခြေစိုက် (DFM) ထုတ် လျှပ်စစ်ကားအစီးရေ (၃၀) ကို တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကတစ်ဆင့် Asia Pacific Automaker Corporation က တင်သွင်းခဲ့ပြီး Earth Renewable Energy က တရုတ်ထုတ် BYD အမျိုးအစား လျှပ်စစ်ကား (၁၉) စီးကို ပင်လယ်ရေကြောင်းကတစ်ဆင့် ထပ်မံတင်သွင်းထားကြောင်းသိရသည်။


