G – 7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို နာဂါနိုအပန်းဖြေမြို့၌ကျင်းပရန်ဂျပန်လျာထား
တိုကျို၊ဩဂုတ် ၂၉
လာမည့်နှစ်ဧပြီလတွင် ဂျပန်နိုင်ငံသည် G – 7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုဦးဆောင်ကျင်းပမည်ဖြစ်ကာ မေလကဟီရိုရှီးမားတွင်ကျင်းပရန်ရည်ရွယ်ထားသော်လည်း ယခုတွင်ဂျပန်နိုင်ငံအလယ်ပိုင်းနာဂါနိုစီရင်စုရှိ နာဂါနိုအပန်းဖြေမြို့တွင်ပြောင်းလဲကျင်းပရန် လျာထားကြောင်း ဂျပန်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များက တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။
ဝန်ကြီးချုပ် ဖူမီရိုကီရှီဒါ၏အစိုးရသည် တိုကျိုအနောက်မြောက်ဘက် ဂျပန်ပင်လယ်ကမ်းရိုးတန်းမြို့ နီဂါတာ၌လည်းမေလတွင် ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများ အစည်းအဝေးကိုကျင်းပရန်စီစဉ်နေကြောင်း သတင်းရင်းမြစ်များ၏ပြောကြားချက်အရသိရှိရသည်။အစိုးရအနေနဲ့မကြာခင်မှာ အပြီးသတ်ဆုံးဖြတ်ပြီးကြေငြာချက်ထုတ်ပြန်ရန် မျှော်လင့်ထားကြောင်းလည်း သတင်းရင်းမြစ်များကဆက်လက်ပြောကြားခဲ့သည်။
ရုရှားမှ ယူကရိန်းအား စစ်ပွဲအတွင်း နျူကလီးယားလက်နက်သုံးနိုင်သည်ဟု ခြိမ်းခြောက်ထားသဖြင့် နာဂါနို၏အရှေ့ဘက်ရှိ ခါရုအိဇာဝါမြို့၌ပြုလုပ်မည့် G – 7 ထိပ်သီးအစည်းအဝေးတွင် ဝန်ကြီးချုပ်ကီရှီဒါက “နျူကလီးယားကင်းစင်သော ကမ္ဘာဖြစ်ရေး” အတွက် ခိုင်မာသည့်သဝဏ်လွှာတစ်ရပ်ကိုတင်သွင်းရန်ရည်ရွယ်ထားသည်ဟုသိရှိရသည်။
ဂျပန်အစိုးရအနေဖြင့် ၂၀၁၉ ခုနှစ်က G – 20 နိုင်ငံများ၏ သဘာဝပတ်ဝန်းကျင်နှင့်စွမ်းအင်ဝန်ကြီးများအစည်းအဝေးအပါအဝင် ၂၀၁၆ ခုနှစ်က G – 7 နိုင်ငံများ၏ သယ်ယူပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေးအစရှိသဖြင့် အကြီးစားနိုင်ငံတကာညီလာခံများကိုကျင်းပခဲ့ဖူးသည့် ခါရုအိဇာဝါကိုရွေးချယ်ရန်စီစဉ်ကြခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များအရသိရသည်။
နေရာထိုင်ခင်းပေါများသည့် နွေရာသီအပန်းဖြေမြို့အဖြစ်လူသိများသည့်အပြင် တိုကျိုမှကျည်ဆန်ရထားဖြင့်သွားပါက တစ်နာရီကျော်သာကြာသဖြင့် သွားလာရေးလွယ်ကူမှုအားသာချက်လည်းရှိသည်။
ဇွန်လနှောင်းပိုင်းက ဂျာမဏီနိုင်ငံတွင်ကျင်းပခဲ့သည့် G – 7 ခေါင်းဆောင်များ ဆွေးနွေးပွဲအပြီးသတင်းစာရှင်းလင်းပွဲ၌ ဟီရိုရှီးမားမဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သောကီရှီဒါသည် လာမည့်နှစ်ထိပ်သီးအစည်းအဝေးကို ဂျပန်မှဦးဆောင်ကျင်းပရမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အဏုမြူဗုံးဒဏ်ခံခဲ့ရသည့် မြို့နှစ်မြို့အနက် ဂျပန်နိုင်ငံအနောက်ဘက်ရှိမြို့တွင်ကျင်းပမည်ဟုဆိုခဲ့သည်။
ခါရုအိဇာဝါ၌ကျင်းပရန်ရည်ရွယ်ထားသည့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဗြိတိန်၊ကနေဒါ၊ပြင်သစ်၊ဂျာမဏီ၊အီတလီ၊ဂျပန်နှင့်အမေရိကန်တို့အပြင် ဥရောပသမဂ္ဂတို့မှ ထိပ်တန်းသံတမန်များအနေဖြင့် အခြားဆွေးနွေးစရာကိစ္စရပ်များကြားမှပင် ရုရှား၏နျူလက်နက်အသုံးပြုရန်ခြိမ်းခြောက်မှုကိုဆွေးနွေးမည်ဖြစ်ကာ တရုတ်နိုင်ငံ၏ ပစိဖိတ်ဒေသတွင်း၌စစ်ရေးလှုပ်ရှားမှုပြင်းထန်လာခြင်းများကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်းသတင်းရင်းမြစ်များကဆိုသည်။
ဂျပန်နိုင်ငံ၌ လာမည့်နှစ်တွင်ကျင်းပမည့် G – 7 ဝန်ကြီးများထိပ်သီးအစည်းအဝေးကိုလက်ခံကျင်းပရန်အတွက် မြို့ပေါင်း ၂၂ မြို့မှလျှောက်ထားကြသည်။အစိုးရအနေဖြင့် မူလကကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များရှိသည့် နာရာမြို့၌ကျင်းပရန် ရည်ရွယ်ထားသော်လည်း ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးလုပ်ကြံခံရမှုနှင့်ပတ်သက်၍ လုံခြုံရေးစိုးရိမ်မှုများကြောင့် အဆိုပါအစီစဉ်ကိုဖျက်သိမ်းလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
ဂျပန်နိုင်ငံသည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်များ၌လည်း ကျိုတိုနှင့်ဟီရိုရှီးမားတွင် G – 7 ထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများကို လက်ခံကျင်းပခဲ့ဖူးသေးသည်။
Source – ကျိုဒိုသတင်းဌာန