G20 အစည်းအဝေး၌ အနောက်နိုင်ငံများ၏ အထိန်းအကွပ်မဲ့ ဝေဖန်မှုကို ရုရှားနိုင်ငံခြားရေးဝန်ကြီး လာရော့ဗ် ငြင်းပယ်
နူဆာဒူအာ၊ အင်ဒိုနီးရှား၊ ဇူလိုင် ၈ ရက်
ဇူလိုင်လ ၈ ရက် သောကြာနေ့၌ ပြုလုပ်ခဲ့သော G20 အစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာရော့ဗ်က ရုရှား-ယူကရိန်းအရေးအခင်းနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ အထိန်းအကွပ်မဲ့ ဝေဖန်မှုများကို ငြင်းပယ်ခဲ့ကာ ၎င်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး ပြဿနာများ ကိုယ်တွယ်ဖြေရှင်းရမည့် အခွင့်အရေးများ လက်လွှတ်ကုန်သည်ဟု ပြောဆိုခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် အိမ်ရှင်အင်ဒိုနီးရှားက G20အား ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရေး ကူညီရန် တိုက်တွန်းခဲ့သည်။
အစည်းအဝေး စတင်ဆွေးနွေးချိန်မှစ၍ အစည်းအဝေး၏ အဓိက ရည်ရွယ်ချက်ဖြစ်သည့် ကမ္ဘာ့စီးပွားရေး ပြဿနာများ ကိုင်တွယ်ဖြေရှင်ရေး ခေါင်းစဥ်မှသွေဖည်ကာ အနောက်နိုင်ငံများက ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ ရုရှားဖက်ဒရေးရှင်းအပေါ် အဆုံးမသတ်နိုင်သော ဝေဖန်မှုများအဖြစ်သို့ လမ်းလွှဲသွားကြသည်ဟု ၎င်းကဆိုသည်။
ရုရှား-ယူကရိန်း အရေးအခင်း၌ ရုရှားအား ရှုံးနှိမ့်စေလိုပါက အနောက်နိုင်ငံများနှင့် ဆွေးနွေးစရာ အကြောင်းမရှိတော့ကြောင်း လာရော့ဗ်က ပြောကြားခဲ့သည်။ ယင်းသို့ ရှုံးနှိမ့်စေလိုခြင်းသည် ကိဗ်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရှာဖွေရာတွင် အတားအဆီးဖြစ်စေသည်ဟုလည်း ၎င်းကဆိုသည်။
ရုရှားသည် စပါးတင်ပို့ရေးပြဿနာနှင့် ပတ်သက်၍ ယူကရိန်း၊ တူရကီတို့နှင့် စေ့စပ်ညှိနှိုင်းရန် အဆင့်သင့်ရှိကြောင်း လာရော့ဗ်က ပြောကြားခဲ့သည်။ သို့ရာတွင် ယင်းဆွေးနွေးပွဲ ပြုလုပ်မည့်အချိန်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
Source: Reuters