မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ရန်ကုန်-ပုသိမ် ခရီးစဉ်နှင့် ရန်ကုန်-ညောင်ဦး ခရီးစဉ် အပတ်စဉ်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်များအနက် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများသို့ သွားရောက်ကြမည့် ခရီးသည်များအတွက် နိုဝင်ဘာလအတွင်း ရန်ကုန်-ပုသိမ် ခရီးစဉ်ကို အပတ်စဉ်တနင်္ဂနွေနေ့များဖြစ်သည့် ၁၀၊ ၁၇၊ ၂၄ ရက်တို့တွင်လည်းကောင်း၊ ပုဂံဘုရားဖူးထွက်လိုသော ခရီးသည်များအတွက် ရန်ကုန်-ညောင်ဦး ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များဖြစ်သည့် ၁၃၊ ၂၀၊ ၂၇ ရက်နှင့် ညောင်ဦး-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနေ့များဖြစ်သည့် ၁၁၊ ၁၈၊ ၁၅ ရက်တို့တွင် လည်းကောင်း ပြေးဆွဲရန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ စီစဉ်ထားရှိထားသည်ဟု သိရသည်။
ရန်ကုန်-ပုသိမ် ခရီးစဉ်သည် ရန်ကုန်မှ နံနက် (၁၁) နာရီခွဲတွင် ထွက်ခွာ၍ ပုသိမ်သို့ မွန်းလွဲ (၁၂) နာရီ (၁၀) မိနစ်တွင် လည်းကောင်း၊ ရန်ကုန်-ညောင်ဦး ခရီးစဉ်သည် ရန်ကုန်မှ နံနက် (၆) နာရီ (၁၅) မိနစ်တွင် ထွက်ခွာ၍ ညောင်ဦးသို့ နံနက် (၇) နာရီ (၃၅)မိနစ်တွင် လည်းကောင်း၊ ညောင်ဦး-ရန်ကုန်ခရီးစဉ်သည် ညောင်ဦးမှ ညနေ (၅) နာရီတွင် ထွက်ခွာ၍ ရန်ကုန်သို့ ည (၇) နာရီတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် ဈေးနှုန်းများကို ရန်ကုန်-ပုသိမ် ခရီးစဉ် အသွားတစ်ကြောင်းစာ ၁၆၀၀၀၀ ကျပ်၊ ရန်ကုန် – ညောင်ဦး ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၉၀၀၀၀ ကျပ်နှင့် ညောင်ဦး-ရန်ကုန် ခရီးစဉ် အသွားတစ်ကြောင်းစာ ၂၇၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ခရီးစဉ်အား ATR 72-600 လေယာဉ်ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။